ဗီယက်နမ်နိုင်ငံလို့ ပြောလိုက်ရင် ခရီးသွားချစ်သူ တော်တော်များများက မြို့တော် ဟနွိုင်းနဲ့ ဟိုင်အန်းမြို့တွေလို နာမည်ကြီးတဲ့ အလှဆုံး ခရီးသွားနေရာတွေကိုပဲ အရင်ဆုံး ပြေးမြင်တက်ကြပါတယ်။ တကယ်တော့ ဗီယက်နမ်နိုင်ငံထဲမှာ လူသိပ်မသိပေမယ့် သိပ်လှတဲ့ ရှားပါးနေရာတွေလည်း အများကြီးပါ။ ဒီထဲမှာတော့ Perfume မြစ်ပေါ်မှာ တည်ရှိတဲ့ ရှေးဟောင်းမြို့တော် ဟွေးမြို့လေးက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ခရီးသွားချစ်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ဗီယက်နမ် မလေးတွေ ထက်ပိုလှတဲ့ ရှေးဟောင်းမြို့တော် ဟွေးမြို့ မှာရှိတဲ့ အလှဆုံး နေရာတွေကို ပြောပြပေးချင်ပါတယ်။
(၁) Imperial Citadel (Kinh Thanh)
Photo : Eviva Tour
ဗီယက်နမ် နိုင်ငံ ဟွေးမြို့ထဲက ခရီးသွားချစ်သူတွေကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုကတော့ Imperial Citadel လို့ခေါ်တဲ့ ရှေးဟောင်းအမွေအနှစ် အင်ပါယာခံတပ် နေရာဖြစ်ပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ Imperial Citadel ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် ငုယင်မင်းဆက်လက်ထက်မှာကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရှေးခေတ်လက်ရာအငွေ့အသက်တွေ မပျက်ယွင်းအောင် ဆက်လက်ထိန်းသိမ်းထားပါတယ်။
(၂) Royal Theatre
Photo : Vietnam Vacation Travel
စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီယက်နမ် လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကြီးကျယ်ခမ်းနားလှတဲ့ Royal Theatre မှာ သွားရောက် လေ့လာနိုင်ပါတယ်။ တော်ဝင်ကဇာတ်ရုံလို့ ဆိုတဲ့အတိုင်း နန်းတော်ဟောင်းနေရာကကို ပြန်လည်ပြုပြင်ထားပြီး ခမ်းနားထည်ဝါလှတဲ့ အပြင်အဆင်တွေနဲ့ ရိုးရာယဉ်ကျေးမှု အကအလှ ဖျော်ဖြေတင်ဆက်မှုတွေကြောင့် ရှေးခေတ် မင်းမျိုးမင်းနွယ်တွေကဲ့သို့ အနားယူအပန်းဖြေရတဲ့ ခံစားချက်ကို ရရှိစေမှာပါ။ ရိုးရာ ယဉ်ကျေးမှု အကအလှဖျော်ဖြေပွဲတွေကို နေ့စဉ် နံနက် ၉ နာရီ ၊ ၁၀ နာရီ ၊ မွန်းလွဲ ၂း၃၀ နဲ့ ညနေ ၃း၃၀ အချိန်တွေမှာ ကပြဖျော်ဖြေလျက် ရှိပါတယ်။
(၃) Thien Mu Pagoda
Photo : Eviva Tour
ဗီယက်နမ် နိုင်ငံအတွင်းက လူသိများထင်ရှားတဲ့ ဘုရားတွေထဲက တစ်ခုမှာ Thien Mu Pagoda လို့ခေါ်တဲ့ Thien Mu ဘုရားပါ။ Perfume မြစ်ကမ်းတစ်လျှောက်က တောင်ကုန်းမြင့်ပေါ်မှာ တည်ရှိပြီး အမြင့်ပေ ၂၁ မီတာရှိတဲ့ မျှော်စင်ကြီးနဲ့အတူ တည်ဆောက်ထားပါတယ်။ Thien Mu Pagoda ကို ၁၈၄၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အရပ်ရှစ်မျက်နှာနဲ့ ခုနစ်ထပ်ရှိပါတယ်။ Thien Mu Pagoda မှာရှိတဲ့ အံ့ဖွယ် ရှေးဟောင်း ဗိသုကာလက်ရာတွေကို လေ့လာကြည့်ရှုနိုင်မှာ ဖြစ်သလို မျှော်စင်အနီးတဝိုက် မြစ်ကမ်းစပ်တစ်လျှောက်က လှပတဲ့ သဘာဝရှုခင်းအလှတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။
(၄) Hue Festival
Photo : Hidden Land Travel
ဟွေးမြို့ကို သွားလည်မယ် ဆိုရင်တော့ Hue Festival လက်မလွှတ်တမ်း ပါဝင်ဆင်နွဲရမယ့် ပွဲတော်တစ်ခုပါ။ Hue Festival ကို နှစ်စဉ် ဧပြီလမှာ ကျင်းပလေ့ရှိပြီး ဗီယက်နမ် လူမျိုးတွေရဲ့ ဒေသထွက် အစားအစာတွေ ၊ ယဉ်ကျေးမှု ၊ ဂီတနဲ့ အနုပညာတွေကို ခမ်းနားကြီးကျယ်စွာ တင်ဆက်ဖျော်ဖြေလေ့ ရှိကြပါတယ်။ နှစ်စဉ်နှစ်တိုင်း Hue Festival ကို ကမ္ဘာတစ်ဝှမ်းက သောင်းနဲ့ချီတဲ့ ခရီးသွားတွေ လာရောက်လည်ပတ်ကြပြီး ကြိတ်ကြိတ်တိုး စည်ကားတဲ့ ပျော်ရွှင်စရာ ပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ်။
Source : NOMADasaurus
Featured Photo : TripSavvy