ဘန်ကောက် တခွင်က လည်ပတ်စရာ နေရာတွေလို့ ပြောလိုက်တာနဲ့ ညဘက်ညဥ့်နက်ချိန်အထိ သွားလာသူတွေနဲ့ ကြိတ်ကြိတ်တိုး စည်းကားနေတဲ့ ညဈေးတန်း Night Market တွေကတော့ ထိပ်ဆုံးက ပါပါတယ်။ ဘန်ကောက်မှာ ညဈေးတန်းတွေ နာမည်ကြီးတာကလဲ အကြောင်းအရင်း ရှိပါတယ်။ ပွဲဈေးတန်းလို စည်းကားနေတဲ့ ဈေးဆိုင်တန်းတွေ ၊ ထိုင်းလမ်းဘေး အစားအစာတွေ ၊ ဈေးဝယ်လို့ကောင်းတဲ့ လမ်းဘေးဆိုင်လေးတွေနဲ့ ကော်ဖီဆိုင်တွေ ၊ ဘားတွေလို ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်နေတာကြောင့်ပါ။ ဘန်ကောက်မှာ နာမည်ကြီးတဲ့ ညဈေးတန်းတွေ ၁၀ ခုထက် မနည်းရှိပြီး ဒီထဲကမှ ကွီးတို့ မဖြစ်မနေ သွားလည်ကြည့်သင့်တဲ့ ညဈေးတန်း အချို့ကို ပြောပြပေးပါမယ်။
(၁) Jodd Fairs Ratchada
Photo : klook.com
ဒီနှစ်ပိုင်းအတွင်းထဲမှာ နာမည်ကြီးလာတဲ့ အသစ်စက်စက် Night Market တစ်ခု ဖြစ်ပါတယ်။ နေ့စဉ် ညနေ ၅ နာရီကနေ ည ၁ နာရီလောက်အထိ စည်းကားနေလေ့ရှိပြီး အဝတ်အစား ကစလို့ အစားအသောက် ၊ ဖုန်း Accessories ပစ္စည်းတွေအထိ တစ်နေရာတည်းမှာ အားလုံးဝယ်လို့ရမှာ ဖြစ်ပါတယ်။ ဈေးတဝိုက်မှာ အရသာရှိတဲ့ ထိုင်းလမ်းဘေးအစားအစာဆိုင်တွေ ၊ ကော်ဖီဆိုင်တွေလည်း ပြည့်နေတာမလို့ တစ်နေရာတည်းမှာ Chill ၊ Eat ၊ Shop လုပ်နိုင်ပါတယ်။ ညဈေးတန်းလိပ်စာကတော့ 129 Ratchadaphisek Rd, Din Daeng, Bangkok 10400, Thailand မှာ ရှိပါတယ်။
(၂) Chatuchak Friday Night Market
Photo : klook.com
သောကြာနေ့ ညနေခင်းတွေမှာ ချစ်သူလေးဖြစ်ဖြစ် ၊ ဘော်ဒါတွေနဲ့ TGIF လုပ်ချင်ရင်ဖြစ်ဖြစ် ကွီးတို့ Chatuchak Friday ညဈေးတန်းကို သွားလို့ရပါတယ်။ Chatuchak Friday ညဈေးတန်းမှာက အိမ်သုံးပစ္စည်းတွေကနေစပြီး ဦးထုပ် ၊ တီရှပ် ၊ ဖိနပ် စတဲ့ အဝတ်အစားတွေအထိ စုံစုံလင်လင် ရောင်းချတဲ့အတွက် ရှော့ပင်ထွက်ရတာ ကြိုက်တဲ့သူတွေကတော့ သေချာပေါက် ရောက်အောင်သွားသင့်ပါတယ်။ Chatuchak Friday ညဈေးတန်းကို အပတ်စဉ် သောကြာနေ့တိုင်း ည ၇ နာရီကနေ သန်းခေါင်းယံ ၃ နာရီထိ ဖွင့်ထားပြီး လိပ်စာကတော့ สวนจตุจักร Kamphaeng Phet 2 Rd, Chatuchak, Bangkok 10900, Thailand ဖြစ်ပါတယ်။
(၃) Taladnad Kokotho (ตลาดนัด กกท)
Photo : klook.com
Taladnad Kokotho (ตลาดนัด กกท) ညဈေးတန်းရဲ့ ထူးခြားချက်ကတော့ Halal-Friendly အစားအစာတွေ ရောင်းချတာပါ။ ပုံမှန် ညဈေးတန်းတွေမှာ တွေ့ရလေ့ရှိတဲ့ တီရှပ် ၊ ဂျင်းဘောင်းဘီ ၊ ဖိနပ် ၊ အိတ်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချတဲ့အပြင်ကိုမှ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ Halal အစားအစာတွေကိုပါ ရနိုင်တာ ဖြစ်ပါတယ်။ ဈေးပတ်ပြီး အေးအေးဆေးဆေး အနားယူဖို့အတွက် ညဈေးတန်းအရှေ့မှာ ရေကန်နဲ့ မြက်ခင်းပြင်လေးလည်း ရှိပါတယ်။ Taladnad Kokotho (ตลาดนัด กกท) ညဈေးတန်းကတော့ နေ့စဉ် ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပြီး လိပ်စာကတော့ 2088 Ramkhamhaeng Rd, Hua Mak, Bang Kapi District, Bangkok 10240, Thailand မှာ ရှိပါတယ်။
(၄) Bobae Wholesale Market (ตลาดโบ๊เบ๊)
Photo : klook.com
ဘန်ကောက်ရောက်ရင် ညသန်းခေါင်ကနေ အနက်စောစောအထိ ရှော့ပင်ပတ်လို့ရမယ့် Bobae Wholesale Market (ตลาดโบ๊เบ๊) ညဈေးတန်းကိုလည်း ကွီးတို့ ရောက်အောင်သွားကြည့်သင့်ပါတယ်။ တစ်ညလုံး ဈေးဝယ်ထွက်ချင်တဲ့ ရှော့ပင် Lover တွေ သိပ်ကို အကြိုက်တွေ့မယ့် နေရာတစ်ခုပါ။ လူသုံးကုန်ပစ္စည်းအသေးအမွှားလေးတွေကစလို့ အမျိုးသား ၊ အမျိုးသမီးနဲ့ ကလေးဝတ် ဖက်ရှင်တွေအထိ တစ်နေရာတည်းမှာ ဈေးသက်သက်သာသာနဲ့ အစုံအလင်ရနိုင်ပါတယ်။ ဈေးတန်းတစ်လျှောက်လုံးမှာ အရသာရှိတဲ့ အစားအသောက် ဈေးဆိုင်ခန်းတွေလည်း ရှိတာကြောင့် ရှော့ပင်ထွက်မယ် ၊ မုန့်ပတ်စားမယ်ဆိုတဲ့သူတွေအတွက် လုံးဝကွက်တိပါပဲ။ လိပ်စာကတော့ 4 ซอยอาภรณ์โบ๊เบ๊ สะพาน2 Rong Muang, Pathum Wan, Bangkok 10330, Thailand ဖြစ်ပါတယ်။
Source : klook.com
Featured Photo : Tatler Asia