ဘဝဆိုတာ အမြဲတမ်း အဆင်ပြေချောမွေ့မှုတွေ၊ ပျော်ရွှင်မှုတွေချည်းပဲ ရှိနေတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ လူတိုင်းလူတိုင်းကတော့ ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ဖူးမှာပါ၊ တစ်ယောက်နဲ့တစ်ယောက် အခြေအနေနဲ့ အခက်အခဲ ကြီးမားတာ သေးငယ်တာပဲ ကွာခြားမှု ရှိမှာပါ။ လူတော်တော်များက ပြဿနာအခက်အခဲလေးတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသော်လည်း မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲအခါ တုန်လှုပ်သွားတာမျိုး၊ မဖြေရှင်းတတ်တာမျိုး ရှိနိုင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် ဘဝပေး အခက်အခဲတွေကို သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပရိုကျကျ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
အခက်အခဲတွေကို လက်ခံလိုက်ပါ
Photo : Inc Magazine
ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ထိုအရာတွေကို လက်ခံဖို့ မကြိုးစားပဲ ရှောင်ဖယ်နေတာမျိုး လုပ်လို့မရပါဘူး။ အရင်ဆုံး ထိုအခက်အခဲတွေကို နားလည်လက်ခံလိုက်ဖို့ အရေးကြီးပါတယ်။ ဒီလိုလက်ခံလိုက်ခြင်းက ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ပထမဆုံးခြေလှမ်းပါပဲ။ ထိုအခက်အခဲတွေကို လက်ခံလိုက်ခြင်းက ကိုယ့်ရဲ့ အတွေးအမြင်ကို ပြောင်းလဲစေပြီး ပြဿနာဖြေရှင်းဖို့ နည်းလမ်းတွေကို ကိုယ်တိုင်ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ပြဿနာနဲ့ အခက်အခဲတွေကို ဘယ်တော့မှရှောင်မပြေးပါနဲ့။
အချိန်ယူပါ
Photo : Unplash
တစ်ခါတစ်လေ ဘဝမှာ မိမိရင်ဆိုင်ရတဲ့ ပြဿနာတွေက တစ်ထိုင်တည်း ဖြေရှင်းလို့မရနိုင်ပါဘူး။ ထိုအခက်အခဲကို ကျော်လွှားဖို့ဆိုရင် အချိန်တစ်ခုလိုအပ်ပါက ယူပါ။ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အဖြေရှာပါ။ ပြသာနာတစ်ခုခု သို့မဟုတ် အခက်အခဲတစ်ခုခုကို ပရိုကျကျ ကျော်လွှားဖို့ဆိုရင် အကောင်းဆုံးသော ဖြေရှင်းနည်းကို ရှာဖွေလေ့လာရန် အချိန်ယူပါ။ အလျင်စလိုလုပ်ခြင်းက မမှန်ကန်သော ဆုံးဖြတ်ချက်များကို ဖြစ်ပေါ်စေနိုင်တယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ
Photo : The Aspiring Gentleman
ဘဝကနေ ဘယ်လောက်ပဲ ခက်ခဲတဲ့ ပုစ္ဆာတွေ၊ အခြေအနေတွေကို ပေးပေး ပရိုကျကျ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ လက်နက်တစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းပါပဲ။ ဘယ်လို အခြေအနေတွေ ရင်ဆိုင်နေရပါစေ “ငါ ရင်ဆိုင်နိုင်တယ်”၊ “ငါကျော်လွှားနိုင်တယ်” ဟူသော အပြုသဘောဆောင်တဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားရှိပါ။ ဒီလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားရှိခြင်းက ထို အခက်အခဲကို အောင်မြင်ဖို့ ပိုပြီး အလားအလာများပါတယ်။ ယုံကြည်မှုနဲ့ အရာရာကို ကျော်လွှားပါ။
အကူအညီနဲ့ အကြံဉာဏ်ကို ရယူပါ
Photo : The Business Journal
တစ်ခါတစ်လေမှာ ပြဿနာကို ကိုယ်တစ်ယောက်တည်း ကြိတ်မှတ်ခံစားပြီး ရင်ဆိုင်ဖို့ မလိုပါဘူး။ အခက်အခဲတွေ ပြဿနာတွေ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အခြားသူများရဲ့ အကူအညီနဲ့ အကြံဉာဏ်ကိုလည်း ရယူပါ။ ယုံကြည်ရသော သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တစ်ဦးဦးနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။ အလုပ်နဲ့ ပတ်သတ်သော အရာများကို ကိုယ့်ထက်ရာထူးကြီးသောလူများနဲ့ လုပ်ဖော်ကိုင်ဖက်များထံမှ အကြံဉာဏ်ရယူပါ။ ဒါမှသာ မတူညီသော ရှုထောင့်မှ အတွေးအမြင်များကို သိရှိနိုင်ပြီး အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကို ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
အပြုသဘောဆောင်သော အတွေးအမြင်ကို ထားရှိပါ
Photo : Entrepreneur
ကွီးတို့အနေနဲ့ ဘဝပေး အခက်အခဲတွေကို ပရိုကျကျ ကျော်လွှားဖို့ဆိုရင် ဒီအခက်အခဲတွေပေါ်မှာ ကိုယ့်ရဲ့ ရှုမြင်ပုံကလည်း အရေးကြီးပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပြီးပင်ပန်းတဲ့ အရာဖြစ်ပါစေ၊ အပြုသဘောဆောင်တဲ့ အတွေးအမြင်ကို လက်ကိုင်ထားပြီး ရင်ဆိုင်ပါ။ အခက်အခဲတွေအပေါ်မှာ အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေနဲ့ ရှုမြင်နေရင် ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကျဆင်းနိုင်ပြီး ကျော်လွှားနိုင်ဖို့ ပိုမိုခက်ခဲပါလိမ့်မယ်။
ဒီအချက်လေးတွေက ကွီးတို့ဘဝမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူပြုပါလိမ့်မယ်။
Featured Photo : Inc Magazine