လူ့ဘဝသက်တမ်းဟာ တကယ်တမ်းတော့ တိုတိုလေးပါ။ အသက်ရှင်ရတဲ့ အခိုက်အတန့်လေးအတွင်းမှာ ဘဝကို ပျော်ပျော်ပဲ ဖြတ်သန်းသင့်တယ် မဟုတ်လား။ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ့် နေနည်းထိုင်နည်းတွေကို လူတွေစိတ်ဝင်တစား ရှိကြပေမယ့် ကျွန်တော်တို့ ဘဝထဲက ပျော်ရွှင်မှု တွေကို တိုက်စားနေတဲ့ အရာတွေကိုတော့ သတိလက်လွတ် နေတက်ကြပါတယ်။ ကွီးတို့အနေနဲ့ ဘဝကို ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားချင်တယ်ဆိုရင် သတိပြုရမယ့် အရာတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို ဂရုမစိုက်တာ


Photo : The Adelaide Review

ကိုယ့်ကိုယ်ကို ဂရုစိုက်တာက တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ လူတော်တော်များများက သူတို့ရဲ့ နေ့စဉ်ဘဝမှာ အသက်ရှင်သန်နေထိုင်ဖို့ ရုန်းကန်ကြိုးစားရင်း ၊ ငွေတွေရှာကြရင်းနဲ့ပဲ အချိန်တွေကုန်ဆုံးနေကြပြီး ကိုယ့်အတွက်ကို ဂရုစိုက်ဖို့ကိုတော့ မေ့ထားတက်ကြပါတယ်။ တကယ့်တော့ ကိုယ့်အတွက်ကို အချိန်ပေးဖို့ ၊ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ လောကမှာ ကိုယ့်ကိုယ်ကို ချစ်ပြီး ဂရုစိုက်ကြသူတိုင်းဟာ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်ထားကြရစမြဲပဲ ဖြစ်ပါတယ်။

(၂) အရေးမပါတဲ့ အရာတွေကို ဦးစားပေးတာ

Photo : Inside Sources

ကွီးတို့ရဲ့ တစ်နေ့တာမှာ အရေးမပါတဲ့အရာတွေအပေါ် ဘယ်လောက်အထိ အချိန်များများပေးထားမိပါသလဲ။ အရေးမပါတဲ့ အရာတွေလို့ ဆိုရာမှာ အတိတ်ကဖြစ်ပျက်ခဲ့တဲ့ ပုံရိပ်အမှားတွေပါနိုင်သလို အဆိပ်အတောက်ဖြစ်စေတဲ့ ဆိုရှယ်မီဒီယာပေါ်က သတင်းအချက်အလက်တွေနဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အမြင်တွေအထိ ပါနိုင်ပါတယ်။ ဒီလို ကိုယ့်ဘဝအတွက် တစ်ဖက်တစ်လမ်းကသော်လည်းကောင်း ၊ တိုက်ရိုက်သော်လည်း အကျိုးမဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေအပေါ် အာရုံစိုက်နေတာဟာ ပျော်ရွှင်မှုဆုံးရှုံးနိုင်သလို အချိန်ကုန်သလောက် ဘဝ ရဲ့ အဓိပ္ပါယ်လည်း တဖြည်းဖြည်း ပျောက်ဆုံးလာမှာ ဖြစ်ပါတယ်။

(၃) စိုးရိမ်သောကများတာ

Photo : Reader’s Digest

စိုးရိမ်သောကနဲ့ ပူပန်မှုတွေဟာ ကျွန်တော်တို့ ဘဝထဲက ပျော်ရွှင်မှု ၊ စိတ်ရဲ့ သက်တောင့်သက်သာဖြစ်မှုတွေကို ဖျက်စီးပစ်နေတဲ့ အဆိုးဆုံး အရာတစ်ခုပါပဲ။ တစ်ခါတစ်လေ တချို့သောကိစ္စတွေကို ကြိုတင်တွေးတောသုံးသပ်တာဟာ အဆိုးတွေနဲ့ကြုံလာရရင်တောင် အဆိုးဆုံးအခြေအနေအထိ မရောက်အောင် ဟန့်တားနိုင်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ဖြစ်မလာသေးတဲ့ အရာရာတိုင်းကို ကြိုတင်ပြီး စိုးရိမ်ပူပန်စိတ်နဲ့ သောကများနေမယ်ဆိုရင်တော့ ဘာမှအကျိုးမထူးနိုင်ပါဘူး။ ကိစ္စတိုင်းက ကိုယ်တွေးသလို ဖြစ်ချင်မှလည်း ဖြစ်မှာပါ။ စိုးရိမ်သောကတွေ နည်းအောင်ကျင့်ကြံနေထိုင်နိုင်လေ ဘဝ ကပျော်စရာကောင်းလေပါပဲ။

(၄) မတက်နိုင်တဲ့အရာတွေကို ဖက်တွယ်ထားတာ

Photo : Freepik

ပထမဆုံး သတိပြုရမှာက ကျွန်တော်တို့ အားလုံးဟာ လူသားတွေဖြစ်တယ် ဆိုတာပါပဲ။ လူတစ်ယောက်မှာ အားသာချက်ရှိသလို အားနည်းချက်ရှိတာဟာ သဘာဝပါပဲ။ အခြေအနေ အရပ်ရပ်က ကျွန်တော်တို့ စိတ်တိုင်းကျဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အကောင်းဆုံး ရလဒ်ဖြစ်အောင်တော့ ကြိုးစားနိုင်တဲ့ အခွင့်အရေးတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ တချို့ ကိုယ်မလုပ်နိုင်တာ ၊ ပြုပြင်ပြောင်းလဲလို့မရတဲ့ အမှန်တရားတွေကိုတော့ အရှိအတိုင်းသာ လက်ခံနိုင်အောင် ကြိုးစားပါ။ မတက်နိုင်တဲ့အရာတွေကို အတင်းကြီး ဖက်တွယ်နေတာဟာ ပင်ပန်းဆင်းရဲမှုနဲ့အဆုံးသတ်မှာ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းတွေသာ ကျန်ခဲ့ပါလိမ့်မယ်။ ဘဝ ကို အဓိပ္ပါယ်ရှိစွာ အကောင်းဆုံး ကြိုးစားနေထိုင်သွားခြင်းကသာ လူဖြစ်ရကျိုးနပ်တဲ့ ခံစားချက်ရစေမှာ ဖြစ်ပါတယ်။

Featured Photo : Pexels