ဘီယာ သောက်ရတာ နှစ်သက်တဲ့ ဘီယာအိုးလေးတွေ ရှိပါသလား။ ဒါဆိုရင်တော့ ကွီးတို့အိမ်မှာ ဘီယာ ပုလင်းခွံ တွေ မရေမတွက်နိုင်အောင် အများအပြားရှိနေမှာ မှန်းမကြည့်လည်း သိနေပါတယ်။ ထိုများပြားလှစွာသော ဘီယာ ပုလင်းခွံ တွေကို ဘယ်လိုမျိုး ပြန်လည် အသုံးချပါသလဲ။
ဒီအတိုင်းပဲ လက်လွတ်စပယ် လွှင့်ပစ်လိုက်ပါသလား။ ဒါဆိုရင်တော့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်အောင် တွန်းပို့နေတာနဲ့အတူတူပါပဲ။
ဒါပေမဲ့ ကွီးတို့အနေနဲ့ ထို ဘီယာ ပုလင်းခွံ များကို လွှင့်မပစ်ဘဲ အကျိုးရှိရှိ ပြန်အသုံးချမယ်ဆိုရင်တော့ ကွီးတို့အိမ်ပတ်ဝန်းကျင်ကလည်း ပိုမိုလှပလာပြီး ပတ်ဝန်းကျင်အတွက်လည်း အကျိုးဖြစ်ထွန်းမှာပဲ ဖြစ်ပါတယ်။
အပင်အိုးအဖြစ် ပြန်သုံးမယ်
ပြုလုပ်နည်းကတော့ လွယ်ကူပါတယ်။ ဘီယာပုလင်း ထိပ်ပိုင်းကို အရင်ဦးဆုံး သုံးပုံ တစ်ပုံခန့် ဖြတ်ထားလိုက်ပါ။ ထို့နောက် ပုလင်းအပေါ်ပိုင်းကို ပြောင်းပြန်လှန်ပစ်ကာ မြေဆီလွှာနှင့် မိမိစိုက်ချင်တဲ့ အပင်တစ်မျိုးမျိုး ထည့်ပါ။ ထို့နောက် ပုလင်းအပေါ်ပိုင်းကို ပုလင်းအောက်ခြေထဲသို့ ပြန်ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အိမ်တွင်း အပင်ငယ်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။
မီးအိမ်အဖြစ် အလှဆင်မယ်
အရင်ဦးဆုံး ဘီယာပုလင်းအလွတ်များကို သန့်စင်အောင် ဆေးကြောထားပါ။ ထို့နောက် အလှဆင် မီးသီးငယ် အတွဲလိုက်ကို ဘီယာပုလင်းထဲ ထည့်ထားလိုက်ပါ။ မိမိခြံစည်းရိုးနားမှာ အစီအရီချထားပြီး အလှဆင်လို့ရသလို အိပ်ခန်းထဲ ထည့်ထားကာ အလှဆင်လို့လည်း ရပါသေးတယ်။
ဖယောင်းတိုင်အဖြစ် အသုံးပြုမယ်
မီးပျက်သွားတဲ့အချိန်တွေမှာတော့ ဖယောင်းတိုင်ရဲ့ အခန်းကဏ္ဍက အရေးကြီးလာပြန်ပါပြီ။ ဖယောင်းကို ဘီယာပုလင်းအလွတ်ထဲထည့်ပြီး ပြုလုပ်နိုင်သလို ဖယောင်းတိုင်အချောင်းလိုက်ကို ပုလင်းထဲ ထည့်ထားမယ်ဆိုလည်း ရပါတယ်။
အလှပန်းအိုးများအဖြစ် အသုံးပြုမယ်
ပန်းအိုးထိုးဖို့ ပုလင်း ရှာမတွေ့ဘူးဖြစ်နေပါသလား။ ဒါဆိုရင်တော့ ဘီယာပုလင်းများကို အသုံးပြုနိုင်ပါတယ်။ ဘီယာပုလင်းပေါ်မှာ မိမိစိတ်ကြိုက် ပန်းချီ ရေးဆွဲပြီး အလှဆင်နိုင်သလို အလှကြိုးများဖြင့် ရစ်ပတ်ထားကာ အလှဆင်နိုင်ပါတယ်။ ထို့နောက် မိမိကြိုက်နှစ်သက်ရာ ပန်းတစ်မျိုးမျိုးထည့်ကာ ပန်းအိုးထိုးနိုင်ပါပြီ။
ဆပ်ပြာပုလင်းအဖြစ် ပြန်သုံးမယ်
ဆပ်ပြာပလပ်စတစ်ပုလင်းများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် တရားခံပဲဖြစ်ပါတယ်။ ထိုဆပ်ပြာ ပလပ်စတစ်ပုလင်းများအစား ထပ်ခါတလဲလဲ ပြန်လည်အသုံးပြုနိုင်ပြီး ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေမယ့် ဖန်ပုလင်းများကို အစားထိုး အသုံးပြုနိုင်ပါတယ်။
ဘီယာဖန်ပုလင်းများကို ဆပ်ပြာပုလင်းအဖြစ် ပြောင်းလဲကာ ကွီးတို့ရဲ့ မီးဖိုချောင်ကို အဆင့်မြှင့်တင်နိုင်ပါတယ်။ ဆပ်ပြာပုလင်းအဖြစ် အသုံးပြုမယ်ဆိုရင်တော့ ပုလင်းအဝနဲ့ အံ့ဝင်ခွင်ကျဖြစ်မယ့် ပိုက်အဆက်လေးကိုတော့ Customize ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
ကွီးတို့ရော ဘီယာပုလင်းအလွတ်တွေကို ဘယ်လိုမျိုး ပြန်လည်အသုံးချလေ့ ရှိပါသလဲ။
Source: Funkypicnicbrewery
Featured Image: Freepik