ကွီးတို့ အိမ်ထဲမှာ မကောင်းတဲ့ စွမ်းအင် တွေရှိနေမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်သလို စိတ်ခံစားချက်ကို ပြောင်းလဲစေပြီး ကိုယ်နဲ့ပတ်သတ်တဲ့ ဆက်ဆံရေးတွေကို ထိခိုက်စေတဲ့အပြင် ကိုယ့်ရဲ့ စိတ်နေသဘော သဘာဝကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ အဆိုးမြင်တတ်တဲ့ ပတ် ဝန်းကျင်မှာနေတာက စိတ်တွေ ထုံထိုင်းတာ ၊ စိတ်ဓာတ်ကျတာတွေအထိ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ဒီလိုခံစားမှုတွေရှိနေတယ်ဆိုရင် အိမ်ထဲမှာ မကောင်းတဲ့ စွမ်းအင် တွေရှိနေတတ်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆို ကွီးတို့ အိမ်ထဲမှာရှိတဲ့ မကောင်းတဲ့ စွမ်းအင် တွေကို ဘယ်လိုဖယ်ရှားမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ပရဆေးတုတ် (Smudging)

Photo : Converging Pathways

Smudging လိုခေါ်တဲ့ မြက်မွှေး ၊ လာဗင်ဒါနဲ့ အာရဇ်ဒါတို ကဲ့သို့ ဆေးဖက်ဝင်အပင် မျိုးစုံပေါင်းစပ်ထားတဲ့ ဆေးတုတ်ကို မီးရှို့တာက အမေရိကန်ရိုးရာ နာမ်ပိုင်းဆိုင်ရာ သန့်စင်တဲ့ ဓလေ့တစ်ခုဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အိမ်ထဲကနေရာလွတ်တွေမှာ စုမိနေတတ်တဲ့ အပျက်သဘောဆောင်တဲ့ စွမ်းအင် တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆေးတုတ်ကို မီးရှိတဲ့အချိန်မှာတော့ ဆုတောင်းစာရွတ် ဖတ်ရပါမယ်။ မွှေးပျံ့တဲ့မီးခိုးတွေက အပြုသဘောဆောင်တဲ့ စွမ်းအင် တွေကို ဖြစ်ပေါ်စေတယ်လို့လည်း ဆိုပါတယ်။

(၂) သလင်းကျောက်များ (Crystals)

Photo : Times of India

မကောင်းဆိုးဝါးဝိညာဉ်တွေကို တွန်းလှန်ဖို့နဲ့ ပိုမိုကြီးမားတဲ့ စွမ်းအားတွေကို ယူဆောင်နိုင်ဖို့အတွက် သလင်းကျောက်တွေကို  အသုံးပြုလေ့ရှိပါတယ်။ ဥပမာ – အနက်ရောင် Tourmaline ကျောက်က အနုတ်စွမ်းအင်တွေကို စုပ်ယူနိုင်ပြီး စွမ်းအင် ပိတ်ဆို့ခြင်းတွေကို ပြန်လည်ဖွင့်ပေးနိုင်သလို ခရမ်းရောင် Amethyst ကျောက်က စိတ်ဖိစီးမှုကို လျှော့ချပေးကာ အတွင်းစိတ်ငြိမ်သက်မှုနဲ့ ခွန်အားကို ပေးစွမ်းပါတယ်။ Bluestone ၊ Blue Agate ကျောက်တွေကတော့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေပြီး ဒီကျောက်တွေကို အိပ်ခန်းတွေထဲမှာထားကာ စိတ်နဲ့ ခန္ဓာပြေလျော့အောင် အသုံးပြုလေ့ရှိကြပါတယ်။

(၃) အိမ်တွင်းစိုက်ပင်များ

Photo : Martha Stewart

အိမ်တွင်းစိုက်ပင်တွေက အိမ်ထဲကနေရာလွတ်တွေအတွက် မယုံနိုင်လောက်အောင် သက်ရောက်မှုရှိစေပါတယ်။ မျက်စိပဿဒ ရစေရုံသာမက အိမ်အတွင်း အရောင်အသွေးစုံစေကာ လေထုအရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး လူကို အေးချမ်းစေသော အကျိုးသက်ရောက်မှုတွေရှိပါတယ်။ အရှေ့တိုင်းဆိုင်ရာ ဖုန်းရွှေပညာမှာဆိုရင် မကောင်းတဲ့ စွမ်းအင် တွေကို စုပ်ယူနိုင်တယ်လို ယူဆတဲ့ အိမ်တွင်းအပင်အမျိုးအစား အနည်းဆုံး ဆယ့်တစ်ပင်ထိ ရှိတယ်လို့ ဆိုပါတယ်။

(၄) သဘာဝအလင်းရောင်

Photo : SheKnows

မှောင်နေတဲ့အခန်းက စိတ်ကို ချက်ချင်းနွမ်းနယ် စေနိုင်ပါတယ်။ သဘာဝ အလင်းရောင် သို့မဟုတ်  နေရောင်ကတော့ ဟောင်းပိတ်နေတဲ့ မကောင်းတဲ့စွမ်းအင်တွေကို ဖယ်ရှားပြီး စိတ်ခံစားချက်ကို ချက်ချင်းမြှင့်တင်ပေးနိုင်ပါတယ်။  အိမ်ပြတင်းပေါက်မှာ လိုက်ကာတွေရှိရင် လေဝင်လေထွက်ကောင်းအောင် ကျယ်ကျယ်ဖွင့်ထားပါ။ ဒီ သဘာဝအလင်းနဲ့ လေက အိမ်ထဲကမကောင်းတဲ့ စွမ်းအင် တွေကို ဖယ်ရှားပြီး ပြန်လည်ဆန်းသစ်စေနိုင်သလို ကောင်းမွန်တဲ့ စွမ်းအင်တွေကို ရရှိစေနိုင်ပါတယ်။

Featured Photo : Papers.co