မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ နောဝှစ်ချ် စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက် ကစားသမား ဟယ်ရီ မက်ဂွိုင်းယား က အသင်းဖော် ပေါလ် ပေါ့ဂ်ဘာရဲ့ ခေါင်းကို နောက်ပြန်ကန်ချက်နဲ့ မတော်တဆ ကန်မိခဲ့တာကြောင့် ဆေးကုသမှု ခံယူခဲ့ရပါတယ်။

Photo : The Mirror

အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဦးဆောင်သွင်းဂိုး နှစ်ဂိုးနဲ့ မန်ချက်စတာယူနိုက်တက်အသင်း ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်ကုန်ဆုံးခါနီးမှာတော့ ဒေါဝဲလ်က နောဝှစ်ချ်အသင်းအတွက် ပထမဆုံး ချေပဂိုးပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဒုတိယပိုင်း ပွဲကစားချိန် စတင်ပြီး မကြာခင်မှာပဲ နောဝှစ်ချ် ကစားသမား ပူကီက အသင်းအတွက် ဒုတိယချေပဂိုးထပ်မံ သွင်းယူပေးခဲ့ပါတယ်။

ပွဲကစားချိန် ၆၁ မိနစ်မှာတော့ ယူနိုက်တက်အသင်း ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယား က တဲလက်စ် ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ပြိုင်ဘက်ကစားသမား ဘင် ဂစ်ဘ်ဆင်နဲ့ အပြိုင်အဆိုင် ရင်ဆိုင်ခဲ့ပါတယ်။ ထိုစဉ် မက်ဂွိုင်းယား တစ်ယောက် အရှိန်လွန်ပြီး မြက်ခင်းပေါ် မှောက်ရက်ကျခဲ့ပေမယ့် သူရဲ့ ခြေထောက်တစ်ဖက်က လေထဲမှာကျန်ခဲ့ကာ နောက်ပြန် ညာခြေကန်ချက်နဲ့ အသင်းဖော် ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာ ရဲ့ ဦးခေါင်းကို ကန်မိခဲ့တာပါ။

ဒါဟာ အသင်းဖော်အချင်းချင်း မတော်တဆ ထိခိုက်ခဲ့မိတာဆိုပေမယ့် ပေါ့ဂ်ဘာ တစ်ယောက်တော့ ယူနိုက်တက် ဆေးအဖွဲ့ရဲ့ ဆေးကုသမှုပါ ခံယူလိုက်ရတာပဲ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ မက်ဂွိုင်းယား ရဲ့ နောက်ပြန်ကန်ချက်ကြောင့် စိတ်တိုသွားခဲ့ပုံပေါ်ပြီး မြက်ခင်းပြင်ကို ဒေါသတကြီး ထုနှက်နေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ဟာ ပေါလ် ပေါ့ဂ်ဘာအတွက် ကံဆိုးတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ခေါင်းအကန်ခံခဲ့ရရုံမက ယူနိုက်တက်ပရိသတ်တွေရဲ့လှောင် ပြောင် ဆဲဆိုခြင်းကိုလည်း ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo : Daily Advent

ပွဲကစားချိန် ၇၄ မိနစ်မှာတော့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာ လူစားလဲခံခဲ့ရပြီး ၎င်းဟာ သူ့ကို အော်ဟစ်လှောင်ပြောင်နေတဲ့ ယူနိုက်တက်ပရိသတ်တွေကို နားစွင့်တဲ့ပုံစံအမူအယာ လုပ်ပြကာ လှောင်ပြောင်မှုကို ဂရုမစိုက်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

မက်ဂွိုင်းယား နဲ့ ပေါ့ဂ်ဘာ တို့ဟာ ဒီနှစ်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင် ယူနိုက်တက်အသင်းဟာ ပွဲကစားချိန် ၇၆ မိနစ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဖရီးကစ်ကန်ချက်ကနေ တတိယမြောက်ဂိုး ရရှိခဲ့ပြီး ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ နောဝှစ်ချ်စီးတီး အသင်းကို ၃ -၂ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Featured Photo : SPORTbible