ခန္ဓာကိုယ် ရုပ်ပိုင်း/စိတ်ပိုင်း ကျန်းမာရေးဟာ ကွီးတို့ရဲ့ လိင်မှုဆိုင်ရာကျန်းမာရေးနဲ့ အများကြီး ပတ်သတ်ဆက်နွယ်နေတာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ မကျန်းမာရင် ကွီးတို့အနေနဲ့ အိပ်ရာထက်မှာလည်း အစွမ်းပြနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဘယ်လို ကျန်းမာရေး အခြေအနေတွေက ကွီးတို့ရဲ့ အိပ်ရာထက် က လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်အပေါ် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ ဆက်စပ်နေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ကျရောဂါ

Depression

Photo : Web MD

ဒီဘက်ခေတ် လူကြီးလူငယ် အဖြစ်များတဲ့ စိတ်ကျရောဂါဟာ စိတ်ရောရုပ်ပါကျန်းမာရေးကို အဆိုးရွားဆုံး ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးများတဲ့ ရောဂါတစ်ခုဆိုတာ အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။ စိတ်ဓာတ်ကျခြင်း ၊ စိတ်ကျရောဂါ ခံစားရမှု အခြေအနေတွေဟာ ကွီးတို့ရဲ့ လိင်စိတ်တက်ကြွမှု ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေကို ကျဆင်းစေနိုင်သလို စိတ်ကျရောဂါအတွက် ကုထုံးတွေနဲ့ ဆေးဝါးတွေဟာလည်း လိင်စိတ်အတက်အကျနဲ့ လိင်အင်္ဂါ သန်စွမ်းကျန်းမာမှုပိုင်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။

(၂) နှလုံးရောဂါ

Heart Disease

Photo : Web MD

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးနဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးဟာ တိုက်ရိုက်ဆက်နွယ်နေတာ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေး မကောင်းရင် သို့မဟုတ် နှလုံးသွေးကြောဆိုင်ရာမှာ ပြဿနာတစ်စုံတစ်ရာ ရှိရင် ဖွားဖက်တော် အပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေနိုင်ပြီး ကွီးတို့ရဲ့ လိင်မှုဘဝအပေါ် အကြီးအကျယ် အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။

(၃) ဆီးချိုရောဂါ

Diabetes

Photo : Web MD

ခန္ဓာကိုယ်မှာ သွေးတွင်းသကြားဓာတ်မြင့်တက်တာဟာ အချိန်ကြာလာတာနဲ့အမျှ သွေးကြောတွေနဲ့ အာရုံကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါဟာ ကွီတို့ရဲ့ လိင်အင်္ဂါတွေသို့ သွေးစီးဆင်းမှုကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေနိုင်သလို ဖွားဖက်တော် ထောင်မတ်နိုင်စွမ်းနဲ့ သုတ်လွှတ်ဆိုင်ရာ အခြေအနေတွေမှာ ပြဿနာအချို့ ရှိလာနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ဆိုရင်လည်း ဆီးချိုရောဂါဟာ ဆီးချိုကျခြင်း ၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း ၊ ချစ်တင်းနှောချိန်မှာ နာကျင်ခြင်း ၊ အော်ဂဇင် မရရှိခြင်း စတဲ့ အခြေအနေတွေကို ဖြစ်ပေါ်ကြုံတွေ့ ခံစားရနိုင်ပါတယ်။

(၄) ကင်ဆာရောဂါ

Cancer

Photo : Web MD

ကင်ဆာရောဂါဟာ အဓိကအားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပါအဝင် ကင်ဆာကုထုံးတွေ ကနေတဆင့် ဖြစ်ပေါ်လာတဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် လိင်စိတ်တက်ကြွမှုနဲ့ လိင်မှုဘဝအပေါ်မှာ ပြဿနာအများကြီး ရှိလာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး အချို့သော ကင်ဆာရောဂါနဲ့ ခွဲစိတ်ကုသမှု ကုထုံးတွေဟာဆိုရင်လည်း သင့်ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို ယို့ယွင်းပျက်စီးစေတာကြောင့် မိမိကိုယ်ကိုယ် နှစ်လိုမှု ၊ ချစ်ခင်လေးစားမှု လျော့ကျလာပြီး အိပ်ရာထက် မှာ ချစ်တင်းနှောဖို့အတွက် ယုံကြည်မှုမရှိ ဖြစ်စေလာနိုင်ပါတယ်။

(၅) ကျားဟော်မုန်း ကျဆင်းတဲ့ ပြဿနာ

Low Testosterone (Low T)

Photo : Web MD

အမျိုးသားတွေမှာ ကျားဟော်မုန်း တက်စတိုစတီရုန်း အလုံအလောက်မထုတ်နိုင်တဲ့အခါ အိပ်ရာထက် က လိင်စိတ်ဆန္ဒတက်ကြွမှုနဲ့ လိင်မှုဘဝအပေါ် ဆိုးကျိုးတွေ အများကြီး ဖြစ်ပေါ်ကြုံတွေ့ရနိုင်ပါတယ်။ ကျားဟော်မုန်း အလုံအလောက် မထုတ်နိုင်တာ သို့မဟုတ် ကျားဟော်မုန်း ကျဆင်းတဲ့ အခြေအနေဟာ မှားယွင်းတဲ့ စားသောက်နေထိုင်မှု ပုံစံတွေကြောင့် အဖြစ်များသလို အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါတို့ကြောင်းလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ Lifestyle ကို Healthy ဖြစ်အောင် နေထိုင်ဖို့နဲ့ အထက်ပါ ရောဂါအခြေအနေတွေကို အမြဲစစ်ဆေးစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

Source :  Web MD

Featured Photo : Virekta