ကော်ဖီချစ်သူတိုင်းကတော့ မနက်ခင်းကို ကော်ဖီတစ်ခွက်နဲ့ အစပြုမှ နေသာထိုင်သာရှိတယ်လို့ ဆိုကြပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က ကျွန်တော်တို့ကို လန်းဆန်းတက်ကြွမှုတွေ ပေးစွမ်းတယ်ဆိုပေမယ့်လို့ မနက်တိုင်း ကော်ဖီပဲသောက်နေမယ် အထူးသဖြင့် ဗိုက်ထဲအစာမရှိတဲ့အချိန် ကော်ဖီ သောက်မယ်ဆိုရင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာနိုင်တယ်ဆိုတာကိုလည်း သတိပြုမိဖို့ လိုပါမယ်။ တကယ်တော့ ကော်ဖီအစား ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ မနက်ခင်း သောက်စရာ Drinks တွေ အများကြီး ရှိနေပါတယ်။

(၁) ပျားရည်နဲ့ သစ်ကြံပိုးခေါက်

honey and cinnamon drink

Photo : Heart FM

ပေါ့ပါးလန်းဆန်းတဲ့ နေ့သစ်ကိုစတင်ဖို့အတွက် အကောင်းဆုံး မနက်ခင်း သောက်စရာတစ်မျိုးကတော့ ပျားရည်နဲ့ သစ်ကြံပိုးခေါက် ဖျော်ရည်တစ်ခွက်ပါပဲ။ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြံပိုးခေါက်ကို ရေတစ်ဖန်ခွက်ထဲရောထည့်မွှေပြီး သောက်နိုင်ပါတယ်။ စိတ်ကြည်လင်လန်းဆန်းပြီး တစ်နေ့တာလုံး တက်ကြွရွှင်လန်းနေစေဖို့ ပျားရည်နဲ့ သစ်ကြံပိုးခေါက် ဖျော်ရည်တစ်ခွက်က အများကြီး အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။

(၂) ရေနွေးနဲ့ သံပုရာသီး

hot water and lemon

Photo : Taste of Home

မနက်ခင်းမှာ လက်ဖက်ရည်တွေ ၊ ကော်ဖီတွေ သောက်မယ့်အစား ကြက်သီးနွေး ရေတစ်ဖန်ခွက်ထဲကို သံပုရာသီးတစ်စိပ် စိမ်ပြီး သောက်ပေးပါ။ သံပုရာသီးစိမ်ထားတဲ့ ရေနွေးတစ်ခွက်ဟာ သဘာဝအတိုင်း ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို အကျိုးပြုတဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ အရသာရှိရှိသောက်သုံးချင်တယ်ဆိုရင်တော့ ပျားရည်အနည်းငယ် ရောစပ်သောက်နိုင်ပါတယ်။

(၃) အုန်းရေ

coconut water

Photo : Food Business News

မနက်ခင်းမှာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Drink တစ်ခုခု သောက်ချင်တယ်ဆိုရင်တော့ အုန်းရေကိုသာ သောက်ဖို့ ညွှန်းပေးချင်ပါတယ်။ အုန်းရေဟာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ချက်ချင်းပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အတွက် မနက်ခင်း အားကစားလုပ်ပြီးချိန်မှာ သောက်ဖို့အသင့်တော်ဆုံး ဖြစ်ပါတယ်။ ရယ်ဒီမိတ်ထုတ်ထားတဲ့ အုန်းရေတွေထက် သဘာဝ အုန်းရေစစ်စစ်ကိုသာ သောက်ဖို့အကြံပေးချင်ပါတယ်။

(၄) ရှားစောင်းလက်ပတ်ဖျော်ရည်

aloe juice

Photo : English Jagran

ရှားစောင်းလက်ပတ်ဟာ အလှအပရေးရာအတွက် အသုံးဝင်ဆုံး သဘာဝပစ္စည်း အဖြစ်လူသိများပါတယ်။ ရှားစောင်းလက်ပတ်ကို အသားအရေအပေါ် တိုက်ရိုက်လိမ်းတဲ့နည်းနဲ့အသုံးပြုနိုင်သလို ဖျော်ရည်အဖြစ်လည်း သောက်သုံးလို့ ရပါတယ်။ မနက်ခင်းမှာ ရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက် သောက်သုံးလိုက်တာနဲ့ ခန္ဓာကိုယ်က ချက်ချင်းနုပျိုလန်းဆန်းလာစေပြီး တစ်နေ့တာကို စတင်ဖို့ အဆင်သင့်ဖြစ်နေစေပါလိမ့်မယ်။

(၅) Green Tea

green tea

Photo : Business Today

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်ခင်းသောက်စရာလို့ ပြောလိုက်ရင် Green Tea ကတော့ မပါမဖြစ် ထည့်ပြောရမှာပါ။ Green Tea ဟာ ကျန်းမာရေးနဲ့ အလွန်ညီညွှတ်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို များစွာကောင်းကျိုး ဖြစ်စေပါတယ်။ လန်းဆန်းတက်ကြွတဲ့ နေ့တစ်နေ့ကို အစပြုချင်တယ်ဆိုရင်တော့ Green Tea တစ်ခွက်နဲ့ ကွီးတို့ရဲ့ မနက်ခင်းကို စတင်နိုင်ပါတယ်။

Featured Photo : BetterUp