ကိုယ့်ရဲ့ အောင်မြင်တိုးတက်မှုကို မနာလို ပြီး ဝေဖန် ပုတ်ခတ်ပြောဆိုနေတဲ့ သူတွေကြောင့် စိတ်ညစ်နေရတဲ့ ကွီး တို့အတွက် နည်းလမ်း ကောင်းများ ဝေမျှပေးချင်ပါတယ်။ ထိုကဲ့သို့သောလူတွေကို ဝေးဝေးက ရှောင်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုသူတွေက သင့်ကို စိတ်ဓာတ်ကျအောင် လုပ်သမျှ အဆင်မပြေအောင် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ရိုက်ချိုးမယ့်သူတွေပဲ ဖြစ်ပါတယ်။
ကိုယ်ကတော့ သတင်းကောင်းတစ်ခုကို ကိုယ့်မိတ်ဆွေထံ ဝမ်းသာအားရနဲ့ ဝေမျှနေချိန်မှာ တစ်ဖက်လူက စိတ်မဝင်စားသယောင် လုပ်နေတာမျိုး (သို့) စိတ်ပါဝင်စားစွာနဲ့ နားထောင်ပြီးနောက် သင့်ကို ဝေဖန်ထိုးနှက်တာမျိုးတွေ ကြုံတွေ့ရဖူးပါလိမ့်မယ်။ ဒီလိုလက္ခဏာများသည် သင့်ကို မနာလိုနေတဲ့သူတစ်ယောက်ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ သူတို့သည် သင့်မှာ ကောင်းကွက်တွေ ဘယ်လောက်ပဲရှိနေပါစေ ထိုကောင်းကွက်များကို လျစ်လျူရှုထားပြီး သင့်ရဲ့ အားနည်းချက်များကိုသာ ထောက်ပြကာ သင့်ရဲ့စိတ်ဓာတ်ကို ရိုက်ချိုးနေတာပါ။ ထိုကဲ့သို့ မနာလို ကာ ဝေဖန် ကဲ့ရဲ့ပြောဆိုနေတဲ့ သူတွေကို ရင်ဆိုင်နိုင်မယ့် အကောင်းဆုံး နည်းလမ်း များကတော့ …
သူတို့ပြောသမျှကို ရင်ဘတ်ကြီးနဲ့ရင်းပြီး ခံစားမနေပါနဲ့
တကယ်တော့ သင့်ကို ဝေဖန်နေတဲ့သူတွေသည် သူတို့ဘဝကို မကျေနပ်လို့ သင့်လိုမျိုး သူတို့ မအောင်မြင်လို့ လိုက်လံကာ ဝေဖန်နေတာဖြစ်ပါတယ်။ သူတို့ဝေဖန်ပြောဆိုသမျှတွေကို နှလုံးသားကြီးတစ်ခုလုံးနဲ့ ရင်းပြီး ခံစားနေမယ်ဆိုရင်တော့ သင်ပဲ နာကျင်ပြီး စိတ်ဓာတ်ကျရမှာပါ။
တချို့ကျတော့လည်း သူ့ရဲ့ပင်ကိုစရိုက်ကိုက သူများကို မဝေဖန်ရ မနေနိုင်တာမျိုးရှိပါတယ်။ မကောင်းမြင်ဝါဒကို လက်ကိုင်ထားတဲ့လူမျိုးပေါ့။ ဒါဆိုရင် သူက သင့်တစ်ယောက်တည်းကိုပဲ ထိုကဲ့သို့ ပြုမူတာလား (သို့) အခြားသူငယ်ချင်းတွေအပေါ်မှာရော သင့်အပေါ် ဝေဖန်သလို ဝေဖန်တတ်သူလား။ တကယ်လို့ ထိုသူသည် အခြားသူများကိုပါ မကောင်းမြင်စိတ်နဲ့ ဝေဖန်ပြောဆိုတတ်သူတစ်ယောက်ဆိုရင်တော့ သေချာပါတယ်။ ဒါသည် သူ့ရဲ့ပင်ကိုစရိုက်ဖြစ်လို့ပါ။ ဒါဆိုရင်တော့ သူပြောသမျှတွေကို လိုက်လံခံစားမနေဘဲ မေ့မေ့ပျောက်ပျောက်သာနေလိုက်ပါ။
နောက်ကွယ်က ရည်ရွယ်ချက်ကို သိအောင် ပြုလုပ်ပါ
အချို့သူတွေကကျတော့ ကောင်းတဲ့အဓိပ္ပာယ်နဲ့ ပြောချင်ပေမယ့် သင့်ဘက်က စကားအထအနကောက်တာလွဲသွားတဲ့အခါ အဓိပ္ပာယ်က ဆန့်ကျင်ဘက်အဓိပ္ပာယ်ဖြစ်သွားတတ်ပါတယ်။
ဥပမာ သင်သည် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့ သင့်သူငယ်ချင်းကို သင်လည်း ကိုယ်ပိုင်စီးပွားရေး လုပ်တော့မှာဖြစ်ကြောင်း ပြောလိုက်တဲ့အခါ သင့်သူငယ်ချင်းကနေပြီး “မလုပ်ပါနဲ့ကွာ။ မင်းလုပ်လည်း အောင်မြင်မှာမဟုတ်ပါဘူး” ဆိုတဲ့ စကားမျိုး ပြောတဲ့အခါ သူ ဘာရည်ရွယ်ချက်နဲ့ ပြောသလဲဆိုတာ သိအောင် ပြုလုပ်ရပါမယ်။
သင့်သူငယ်ချင်းက သူ့ပတ်ဝန်းကျင်မှာ စီးပွားပျက်သွားတဲ့သူတွေ တွေ့မြင်ဖူးလို့ သင့်ကို ထိုကဲ့သို့ မဖြစ်စေချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကို သူ့လိုမျိုး စိတ်ဖိစီးမှုများတဲ့ ခံစားချက်မျိုး မခံစားစေချင်လို့လည်း ဖြစ်နိုင်ပါတယ်။
သင့် သူငယ်ချင်းကို သင့်ကို အားပေးရမယ့်အစား ထိုကဲ့သို့ ပြောလိုက်တဲ့အခါ ဘာ့ကြောင့်လဲဆိုတာကို သူ့ကို ပြန်မေးလိုက်ပါ။ တကယ်လို့ သူ ကြုံတွေ့ရတဲ့ အတွေ့အကြုံများပေါ် အခြေခံပြီး ပြောပြတယ်ဆိုရင် သင်လည်း အတွေ့အကြုံ ဗဟုသုတတစ်ခု ရရှိတာပေါ့။ တစ်ချိန်ချိန်မှာ ပြန်လည်အသုံးချလို့ရနိုင်ပါတယ်။
ရိုးသားပွင့်လင်းတဲ့ အတွေးအမြင်တစ်ခုအဖြစ် လက်ခံလိုက်ပါ
သင့်ဘေးနားမှာ ဟန်ဆောင်မျက်နှာဖုံးတပ်ထားတဲ့သူတွေ မရှိဘူးလို့ ရာနှုန်းပြည့်ယုံကြည်ပါသလား။ ဟန်ဆောင်မျက်နှာဖုံး တပ်ထားသူများသည် သင် စံစားနေချိန်မှာ သင့်ကို ချီးပင့်မြှောက်စားနေမှာဖြစ်ပြီး သင်သည်သာ အတော်ဆုံး၊ အကောင်းဆုံးဆိုတဲ့ ခံစားချက်မျိုး ခံစားရအောင် ဟန်ဆောင်ပြောဆိုနေမှာဖြစ်ပါတယ်။ ထိုကဲ့သို့သော ဟန်ဆောင်လူသားတွေဆီမှာ ပွင့်လင်းရိုးသားတဲ့ အတွေးအမြင်တစ်ခု ဘယ်တော့မှ ရရှိမှာမဟုတ်ပါဘူး။
သင့်ရဲ့ ပြိုင်ဘက်များထံတွင်သာ ရိုးသားပွင့်လင်းတဲ့ မှတ်ချက်များ ရနိုင်မှာဖြစ်ပါတယ်။ ထိုကဲ့သို့သော ဝေဖန်ချက်များကို သိရတဲ့အခါ သင့်အတွက် ပြင်ဆင်စရာရှိတာများ၊ အားနည်းချက်များကိုလည်း ပြန်လည်ပြင်ဆင်နိုင်ပြီး ကိုယ့်ရဲ့ တိုးတက်မှုအတွက် လှေကားထစ်သဖွယ် အသုံးပြုနိုင်ပါတယ်။
သင် လက်မခံနိုင်ဘူးဆိုရင်တော့ မမေးပါနဲ့
သူ့ဆီက အကြံဉာဏ်တောင်းတဲ့အချိန်မှာ ကိုယ့်ကို ဘယ်တော့မှ အကောင်းမပြောဘူး။ သူ့ရဲ့အကြံဉာဏ်များ၊ ဝေဖန်ချက်များ၊ မှတ်ချက်များကို လက်မခံနိုင်ဘူးဆိုရင်တော့ သူ့ကို အစကတည်းက မမေးတာအကောင်းဆုံးပါပဲ။
တခါတရံမှာလည်း မကောင်းမြင်စိတ်နဲ့ ဝေဖန်တတ်တဲ့သူတွေသည် သင့်ကို မနာလိုတဲ့သူတွေဆီကပဲ လာတာမဟုတ်ပါဘူး။ သင့်ရဲ့ အခင်ဆုံး သူငယ်ချင်း၊ သင့်ရဲ့ ဘဝလက်တွဲဖော်၊ သင့်ရဲ့ မိဘများထံမှလည်း ရရှိနိုင်ပါတယ်။ သူတို့ဆီက ချီးမွမ်းခံရချင်ရုံ၊ အားပေးခံရချင်ရုံသပ်သပ်သာ လိုချင်တာဆိုရင်တော့ မျှော်လင့်မနေပါနဲ့တော့။ သူတို့ရဲ့ မှတ်ချက်တွေကို မခံနိုင်ရင် အသိမပေးတာအကောင်းဆုံးပါပဲ။
လျစ်လျူရှုထားပါ
ကိုယ့်ကို မနာလို ကာ ဝေဖန်ပုတ်ခတ်တဲ့သူကို ရင်ဆိုင်နိုင်မယ့် အကောင်းဆုံး နည်းလမ်း ကတော့ လျစ်လျူရှုခြင်းပါပဲ။
အချို့လူတွေသည် သင်က မမေးသည့်တိုင်အောင် သူ့တို့ဘာသာ သင့်ကို ဝေဖန်လေကန်ပါလိမ့်မယ်။ တခါတရံမှာ သူတို့ရဲ့ ဝေဖန်ချက်များသည် ဘောင်ကျော်လာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ထိုဝေဖန်ချက်မျိုးကို သင့်အနေနဲ့ ဒေါသတကြီး ပြန်လည်တုန့်ပြန်တာမျိုးလည်း လုပ်နိုင်ပါတယ်။
သို့သော် သင့်ရဲ့ခွန်အားကို ဘာမဟုတ်တဲ့အရာတစ်ခုအတွက် အားအင်ကုန်ခမ်းစေမှာလား။ ရန်ကို ရန်ချင်း ပြန်လည်တုန့်နှင်းတဲ့အခါ သင်ပဲ စိတ်ပင်ပန်းရမှာပါ။ ဒါ့ကြောင့် ထိုကဲ့သို့သောလူတွေကို လျစ်လျူရှုခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပြီး သူတို့အတွက် အထိအနာဆုံးပါပဲ။
ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း ကိုယ့်ကို မနာလို ကာ ဝေဖန်ကဲ့ရဲ့နေသူတွေကို ဘယ်လိုအကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်း တွေကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
Source: Personalexcellence
Featured Image Source: Medium