ဆာဒီယို မာနေး ဟာ မိုဟာမက် ဆာလား နဲ့ အီဂျစ်အသင်းကို အာဖရိကဖလားမှာရော ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ဗိုလ်လုပွဲမှာပါ အနိုင်ရရှိခဲ့ပေမယ့်လည်း အောင်ပွဲခံခြင်းမရှိတာက ၎င်းတို့ ၂ ဦးကြားမှာ မယုံနိုင်ဖွယ် ရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေးရှိတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ ကလော့ပ် က ပြောကြားခဲ့ပါတယ်။

Sadio Mane Against Egypt

Photo: kingfut

ပြီးခဲ့တဲ့လမှာ ဆီနီဂေါအသင်းက အာဖရိကဖလား ဆွတ်ခူးခဲ့ပြီးနောက် ကမ္ဘာ့ဖလားဝင်ခွင့်လည်း ရရှိခဲ့ပြီး လီဗာပူးလ်အသင်းဖော်ရဲ့အသင်းကို ၂ ကြိမ်အထိ အနိုင်ယူခဲ့တာကို အောင်ပွဲမခံဘဲ နေနိုင်ခဲ့တဲ့ မာနေးရဲ့ အပြုအမူကို ကလော့ပ်က အထင်ကြီးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ် ပွဲအပြီး အန်းဖီးကို ပြန်လည်ရောက်ရှိလာချိန်မှာ ပုံမှန်လုပ်နေကျအတိုင်း အသင်းဖော်တွေက အောင်ပွဲခံဖို့ စီစဉ်ခဲ့ကြပေမယ့်လည်း ဆာလားကို လေးစားသမှုနဲ့ မာနေးက ၎င်းရဲ့အောင်မြင်မှုအတွက် အောင်ပွဲခံမယ့်ကိစ္စကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က အဲဒါဟာ ဆာလားနဲ့ မာနေးတို့ကြားက အသင်းဖော်တွေအဖြစ်ရော ညီအစ်ကိုတွေလိုပါ ခိုင်မာတဲ့ သံယောဇဉ်ကို ပြသနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “သူတို့တွေက ရင်းနှီးရုံတင်မဟုတ်ဘူးဆိုတာနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး။ သူတို့တွေက ပညာတတ်တွေပါ။ သူတို့တွေက လူတော် လူကောင်းလေးတွေပါ။ ရိုးရိုးသားသား ပြောရရင် ဆာဒီယိုက အထူးသဖြင့် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် တကယ်တွေးမိခဲ့ပြီး မိုလည်း အဲဒါကို အသိအမှတ်ပြုမယ်ဆိုတာ သေချာပါတယ်”

“တကယ်လို့ ခင်ဗျားတို့က ညီအစ်ကိုဖြစ်ပြီး သူက တခြားအသင်းအတွက် ကစားနေတဲ့အခါကျရင် ခင်ဗျားတို့ ဗိုလ်လုပွဲ ကစားရမယ်။ အဲဒီမှာ တစ်ယောက်က နိုင်ရင် တစ်ယောက်က ရှုံးမှာပဲဆိုတာ တွေးကြည့်လို့ရပါတယ်။ အဲဒါက ဘယ်သူ့အတွက်မှ မကောင်းတဲ့အခြေအနေပါ။ ဒါပေမယ့် ဆာဒီယိုနဲ့မိုတို့က သူတို့ကိုယ်သူတို့ သူငယ်ချင်းအဖြစ် သတ်မှတ်ထားပြီး အဲဒါကို ကောင်းကောင်းကိုင်တွယ်ခဲ့တယ်ဆိုတာ သေချာပါတယ်။ ဟင့်အင်း၊ သူတို့က ပြိုင်ဘက်တွေ မဟုတ်ကြပါဘူး။ ခင်ဗျား အသင်းတစ်သင်းထဲမှာ အတူတူကစားနေပြီး ၂ ဦးစလုံးကလည်း ဂိုးတွေ သွင်းယူချင်ကြတယ်။ အဲဒါက သာမန်ပဲ”

Photo: Mirror

“ကျွန်တော်တို့လည်း သူတို့ကို ဂိုးတွေ သွင်းယူစေချင်တယ်။ ဟုတ်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို မမြင်ရဘဲ အပြီးမသတ်နိုင်ခဲ့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ချက်ချင်းပဲ ‘အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းက ဘာလဲ’လို့ ပြောကြတယ်။ဒါပေမယ့် တကယ်ကို ဘာမှဖြစ်ပါဘူး။ အဲဒီအတိုင်းပါပဲ။ ကျွန်တော်တို့က လူသားတွေဖြစ်ပြီး တခါတလေမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မိတတ်ပါတယ်။ ဒါပေမယ့် အဲဒါက ပုဂ္ဂိုလ်ရေးအရ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဂိုးတွေ သွင်းချင်ပြီး နည်းနည်းလည်း ကြာတော့ အဲဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုတာကို သိသွားပါတယ်”

“ခင်ဗျားရဲ့ အသင်းမှာ ကစားသမားတစ်ယောက်က အခြားကစားသမားတွေနဲ့ ဘယ်လိုယှဉ်ပြိုင်မှုမျိုးမှ လုပ်တာမဟုတ်ပါဘူး။ အဲဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချမှတ်မိခဲ့ရုံပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Mirror