မိတ်ဆွေတို့ရဲ့ ဘဝက ပုံမှန်အတိုင်း လည်ပတ်နေပြီး ဘာမှပြောင်းလဲတိုးတက်မှု မရှိဘူးလို့ ခံစားနေရပါသလား။ လူတိုင်းကတော့ ကိုယ်လက်ရှိရောက်နေတဲ့ အနေအထားကနေ ပိုမိုကောင်းမွန်တဲ့ နေရာ အနေအထားတစ်ခုကို လိုချင်ကြတာချည်းပါပဲ။ ဒီလို မိတ်ဆွေတို့ ဘဝ ကို ကောင်းမွန်သော တိုးတက်ပြောင်းလဲခြင်းရရှိဖို့ဆိုရင် ဘာမှ ကြိုးစားအားထုတ်မှုမရှိဘဲ စိတ်ကူးနေရုံနေကတော့ လက်တွေ့မှာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ မိမိဘဝကို တစ်ဆစ်ချိုးပြောင်းလဲ တိုးတက်ဖို့အတွက် လိုအပ်တဲ့အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။
အမှန်တကယ် ပြောင်းလဲချင်စိတ်ရှိပါစေ
Photo : Association for Psychologicak Science
မိတ်ဆွေတို့က မိမိဘဝကို ပြောင်းလဲဖို့ဆိုရင် အဓိက အရေးအကြီးဆုံး အချက်ကတော့ အမှန်တကယ် ပြောင်းလဲချင်စိတ်ပဲ ဖြစ်ပါတယ်။ သူတစ်ပါးတွေ တိုးတက်အောင်မြင်နေတာတွေ့လို့ လိုက်ဖြစ်ချင်ရုံ သက်သက်ပဲ မဟုတ်ပဲနဲ့ မိမိကိုယ်၌က လက်ရှိအခြေအနေကနေ ဘယ်လောက်ထိ ပြောင်းလဲချင်တာလဲဆိုတာ သေချာသိဖို့လိုပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မိတ်ဆွေတို့ ရောက်ရှိချင်တဲ့ အနေအထား ၊ အခြေအနေတို့ကို သေချာသိရှိစေပါတယ်။ ဒါ့အပြင် ကိုယ်လိုချင်တဲ့ ပြောင်းလဲတိုးတက်မှုတွေရအောင် ကိုယ်တိုင်လုပ်ဆောင်ရမယ့်အရာတွေ ၊ ပြုပြင်ရမယ့်အရာတွေကိုလည်း ရှင်းရှင်းလင်းလင်း သိရှိစေပါတယ်။ ဒီအချက်က မိတ်ဆွေတို့လိုချင်တဲ့ ပြောင်းလဲတိုးတက်မှု ရရှိဖို့ ပထမဆုံး ခြေလှမ်းပါ။
Comfort Zone ကနေ ရုန်းထွက်ပါ
Photo : Sad Runner
လူတော်တော်များများ မတိုးတက်ရတဲ့ အကြီးမားဆုံး အကြောင်းအရင်းကို ပြောပါဆိုရင် Comfort Zone ထဲကနေ ရုန်းမထွက်နိုင်တာပါပဲ။ ကျွန်တော်တို့က ဘဝမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ ကိုယ်အတွက် မဆိုးလှတဲ့ နေရာတစ်ခုခုကို ရောက်ပြီဆိုရင် ထိုနေရာကနေ ရုန်းမထွက်ချင်ကြတော့ပါဘူး။ များသောအားဖြင့် ထိုနေရာမှာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ နည်းပါးတဲ့ အခြေအနေမှာရှိပြီး စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်စရာ မလိုဘဲတဲ့အပြင် ကိုယ့်နဲ့ရင်းနှီးကျွမ်းဝင်ပြီးသား ပုံမှန်အလေ့အထများနှင့် လုပ်ရိုးလုပ်စဉ်များနဲ့ ဖြတ်သန်းရုံပါပဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝက လွယ်ကူပြီး သက်တောင့်သက်သာရှိမှာတော့ အမှန်ပါပဲ။ ဒီလို သက်တောင့်သက်သာ အခြေအနေထဲကနေ ရုန်းမထွက်ဘူးဆိုရင်တော့ ပြောင်းလဲတိုးတက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး မိတ်ဆွေ။ ဒါကြောင့် မိမိဘဝကို တိုးတတ်ပြောင်းလဲဖို့ဆိုရင် Comfort Zone ကနေ အခုပဲ ရုန်းထွက်လိုက်ပါ။
မဆုတ်မနစ် ကြိုးစားအားထုတ်ပါ
Photo : Letter Pile
မိတ်ဆွေတို့က အမှန်တကယ် ပြောင်းလဲချင်စိတ် လည်းရှိတယ်။ Comfort Zone ကနေလည်း ရုန်းထွက်လာနိုင်ပြီဆိုရင် မိတ်ဆွေတို့ လုပ်ရမှာ တစ်ခုပဲ ကျန်ပါတော့မယ်။ ဒါကတော့ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်းပါပဲ။ အောင်မြင်မှုတွေ၊ တိုးတက်ပြောင်းလဲမှုတွေဆိုတာ ကြိုးစားမှုကနေ လာတာပါ။ ကြိုးစားသူတိုင်းအတွက် ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ထိုက်တန်တဲ့ နေရာ အမြဲရှိပါတယ်။ မကြိုးစားဘဲနဲ့တော့ ဘာကိုမှ ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ အနေအထားရောက်တဲ့အထိ ဘဝကို တိုးတက်ပြောင်းလဲစေဖို့ အရှိန်အဟုန်နဲ့ ကြိုးစားလိုက်ပါ။
မိတ်ဆွေတို့ ဘဝ ကို တစ်ဆစ်ချိုးပြောင်းလဲစေဖို့ ဒီအချက်လေးတွေ မရှိမဖြစ် လိုအပ်ပါတယ်။ လက်ရှိမှာလည်း ဒီအချက်လေးတွေကို လိုက်နာနေတယ်ဆိုရင် မိတ်ဆွေတို့ရောက်ရှိချင်တဲ့ ပန်းတိုင်က လက်တစ်ကမ်းမှာပါပဲ။
Featured Photo : Earth.com