မော်တော်ဆိုင်ကယ် တစ်စီးနဲ့ နိုင်ငံအနှံ့ ခရီးသွားဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ အခုဆောင်းပါးလေးကို ကွီးတို့ သေချာပေါက် ဖတ်သင့်ပါတယ်။ မော်တော်ဆိုင်ကယ် နဲ့ ခရီးသွားခြင်းဟာ စွန့်စားခြင်းနဲ့ လွတ်လပ်မှုကို ခုံမင်နှစ်ခြိုက်သူတိုင်းရဲ့ အိပ်မက်တစ်ခုပါပဲ။ မော်တော်ဆိုင်ကယ် တစ်စီးနဲ့ တစ်မြို့ဝင်တစ်မြို့ထွက် ခရီးသွားတာဟာ သာမန်ခရီးသွားခြင်းရဲ့ အရသာနဲ့ လုံးလုံးမတူကွဲပြားသလို ဂရုစိုက်ရမယ့် အချက်တွေကလည်း ပိုများပါတယ်။ အဓိကအားဖြင့် ခရီးစဉ်တစ်လျှောက် ဘေးကင်းလုံခြုံမှုရှိရေးနဲ့ လိုရာခရီးကို ချောချောမွေ့မွေ့ ရောက်နိုင်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အခါအခွင့်သင့်လို့ မော်တော်ဆိုင်ကယ် နဲ့ ခရီးသွားတော့မယ် ဆိုရင်တော့ အခုပြောပြမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

(၁) ယာဉ်စည်းကမ်း / လမ်းစည်းကမ်း မွန်းမံသင်တန်းများတက်ပါ


Photo : BMW Rider Training

မော်တော်ဆိုင်ကယ်နဲ့ ခရီးသွားတဲ့အခါမှာ ဘေးအန္တရာယ်ကင်းရေးက အဓိကကျတဲ့အတွက် ယာဉ်စည်းကမ်း / လမ်းစည်းကမ်းကို ကောင်းစွာသိနားလည်ထားဖို့ လိုပါတယ်။ ဒါကြောင့်ပဲ ခရီးထွက်ဖို့ စတင်ပြင်ဆင်တော့မယ်ဆိုရင် အရင်ဆုံး ယာဉ်စည်းကမ်း / လမ်းစည်းကမ်း မွန်းမံ သင်တန်းတွေကို မဖြစ်မနေတက်ရောက်သင့်ပါတယ်။ ဒီလို Safety Course တွေ တက်ရောက်ခြင်းအားဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင်ရာမှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ထို့အပြင် ယာဉ်စည်းကမ်း / လမ်းစည်းကမ်းတွေကို သေချာနားလည်တက်ကျွမ်းထားမယ်ဆိုရင် ပိုမိုဘေးကင်းလုံခြုံတဲ့ ခရီးစဉ်တစ်ခုဖြစ်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

(၂) ရာသီဥတုအခြေအနေကို စစ်ဆေးပါ

Photo : Motoservices

ကိုယ်သွားမယ့် နေရာဒေသရဲ့ ရာသီဥတုအခြေအနေကို သိထားခြင်းဟာလည်း လမ်းခရီးတစ်လျှောက် ပိုမိုဘေးကင်းလုံခြုံမှုရှိဖို့ ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကွီးတို့ သွားမယ်နေရာမှာ မိုးရွာတက်သလား ၊ ဆီးနှင်းတွေ ကျတက်သလား ၊ ရာသီဥတုဆိုးရွား တက်သလားဆိုတာကို လေ့လာပါ။ ရာသီဥတုအခြေအနေက ဆိုင်ကယ်သမားတွေအတွက် မမြင်နိုင်တဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာစေနိုင်တာကြောင့် မိုးလေဝသခန့်မှန်းချက်တွေကို လေ့လာပြီးမှ ဆိုင်ကယ်မောင်းနှင်တာက ပိုပြီးဘေးကင်းလုံခြုံမှု ရှိစေမှာ ဖြစ်ပါတယ်။

(၃) ဝတ်စုံပြည့်ဝတ်ဆင်ပါ

Photo : Read a Biography

ခရီးရှည် မော်တော်ဆိုင်ကယ် မောင်းနှင်ပြီး ခရီးသွားမယ်ဆိုရင် သက်တောင့်သက်သာရှိပြီး လုံခြုံမှု အပြည့်အဝပေးနိုင်မယ့် အဝတ်အစားတွေနဲ့ ဆက်စပ်အသုံးအဆောင်ပစ္စည်းတွေကို သေချာလေးဝတ်ဆင်သွားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဆိုင်ကယ်မောင်းနှင်ရာမှာ လုံခြုံမှုရှိရှိနဲ့ ဘေးကင်းကင်း ခရီးနှင်နိုင်မှာ ဖြစ်ပါတယ်။ လေဒဏ်ဖုန်ဒဏ် ကောင်းကောင်းခံနိုင်မယ့် သားရေဂျတ်ကတ် ၊ သားရေဘောင်းဘီ ၊ မျက်မှန် ၊ ဦးထုပ် ၊ လက်အိတ်နဲ့ လည်ရှည်ဘွတ်ဖိနပ် တို့လို ဆိုင်ကယ်စီး Gear အပြည့်အစုံကို ဝတ်ဆင်ပြီးမှ မော်တော်ဆိုင်ကယ်ကို မောင်းနှင်ပါ။

(၄) မော်တော်ဆိုင်ကယ်ကို လိုအပ်ချက်ရှိမရှိ စစ်ဆေးပါ

Photo : Motorcycle Habit

ခရီးစဉ်တစ်လျှောက်လုံး မောင်းနှင်ရမယ့် မော်တော်ဆိုင်ကယ်ကို မမောင်းနှင်မီမှာ လိုအပ်ချက်ရှိမရှိ အရင်ဆုံးစစ်ဆေးဖို့ လိုပါတယ်။ ဆိုင်ကယ်ရဲ့ ရှေ့မီး နောက်မီး ၊ အချက်ပြမီးတွေ ကောင်းမကောင်းစစ်ပါ။ တာယာကြံ့ခိုင်မှု ၊ ဘရိတ်ဆီ နည်းမနည်း ၊ ဘရိတ်ကောင်းမကောင်းနဲ့ နောက်ကြည့်မှန်တွေ ၊ လက်ကိုင်တန်းနဲ့ ဟွန်းတွေ ကောင်းမကောင်း စသည်ဖြင့် မိမိဆိုင်ကယ်ရဲ့ လိုအပ်ချက်မှန်သမျှကို စစ်ဆေးပြီး စိတ်ချရပြီဆိုမှသာ ခရီးစဉ်ကို စတင်သင့်ပါတယ်။

(၅) သတ်မှတ်အရှိန်ထက် ပိုမမောင်းပါနဲ့

Photo : Motoring World

မော်တော်ဆိုင်ကယ်စီးသူ သေဆုံးမှုရဲ့ ၄၈ ရာခိုင်နှုန်းဟာ အရှိန်လွန်ကဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ အထူးသဖြင့် အမြန်လမ်းမလို ဟိုင်းဝေးလမ်းမကြီးတွေမှာ အရှိန်တင်မောင်းနှင်မှုကြောင့် မတော်တဆမှု အဖြစ်အများဆုံး ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် မောင်းနှင်ပြီဆိုရင် ဘေးကင်းမှုရှိရေးအတွက် သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ လမ်းဘယ်လောက်ပဲ ရှင်းနေပါစေ အမြန်နှုန်းကန့်သတ်ချက်ကို ကျော်လွန်ပြီး အရှိန်တင်မောင်းနှင်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။

(၆) မော်တော်ယာဉ်တွေနဲ့ သတ်မှတ်အကွားအဝေးအတိုင်း မောင်းနှင်ပါ

Photo : HiConsumption

မော်တော်ဆိုင်ကယ် မောင်းနှင်တဲ့အခါ လမ်းတစ်လျှောက် ကား ၊ ဆိုင်ကယ်နဲ့ တခြားသော စက်တပ်ယာဉ်တွေနဲ့ နီးနီးကပ်ကပ် မောင်းနှင်ခြင်းကိုလည်း အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ တခြားယာဉ်တွေနောက်က နီးနီးကပ်ကပ် လိုက်ပါမောင်းနှင်တာဟာ အန္တရာယ်အရမ်းများပြီး ယာဉ် မတော်တဆမှု ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် လမ်းမတွေပေါ်မှာ မောင်းနှင်တဲ့အခါ တခြားသော စက်တပ်ယာဉ်တွေနဲ့ သတ်မှတ်ထားတဲ့ အကွားအဝေးအတိုင်း ခပ်ခွာခွာ အကွာအဝေးတစ်ခုခြားပြီးမှ မောင်းနှင်ဖို့ အကြံပြုချင်ပါတယ်။

(၇) First-Aid Kit ဆောင်သွားပါ

Photo : Instructables

မော်တော်ဆိုင်ကယ် နဲ့ခရီးသွားချိန်မှာ လမ်းတစ်လျှောက် ထင်မှတ်မထားတဲ့ ဒဏ်ရာအနာတရတွေ ကြုံတွေ့မလာဘူးလို့ ဘယ်သူမှ တစ်ထစ်ချမပြောနိုင်ပါဘူး။ ခရီးရှည်သွားရတာ ဖြစ်တဲ့အတွက် လမ်းမှာ ဆေးဝါးပစ္စည်းကိရိယာတွေ အလွယ်တကူမရနိုင်တဲ့ အခြေအနေနဲ့ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ခရီးသွားမယ်ဆိုရင် အခြေခံ ဆေးဝါးပစ္စည်းတွေပါတဲ့ First-Aid Kit တစ်စုံ လိုရမယ်ရ ဆောင်သွားဖို့ လိုပါတယ်။

Featured Photo : We Buy Any Bike