အားကစား လောကမှာ ရေခံမြေခံကလည်း အရေးကြီးပါတယ်။ ငယ်ကိုင်ကောင်းခဲ့တဲ့ အားကစားသမားတွေဟာ ကွင်းတွင်းကွင်းပြင် အောင် မြင်ကျော်ကြားပြီး အားကစားလောကမှာ ဂုဏ်သိက္ခာကောင်း ၊ နာမည်ကောင်း ပိုင်ဆိုင်နိုင်ပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးလောကမှာဆို မန်ချက်စတာ ယူနိုက်တက်ထွက် သရဲနီ Red Devils တွေဆိုတာကလည်း အဆင့်အတန်း ရှိပြီးသားပါ။ ဒီတစ်ခေါက်မှာ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ဘောလုံးသမားတွေထဲကမှ အကောင်းဆုံး ဘောလုံးသမား တချို့ အကြောင်း မျှဝေပေးချင်ပါတယ်။
(၅) ဂျော့ချ် ဘတ်စ်
Photo: gq-magazine
ဘတ်စ်ဟာ မန်ချက်စတာ ယူနိုက်တာရဲ့ အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးလို့ ဆိုကြပါတယ်။ သူ့ရဲ့ အလိမ်အခေါက်နဲ့ ဂိုးဖန်တီးမှုစွမ်းရည်တွေက ပြိုင်ဘက်ကင်းပါတယ်။ မြောက်အိုင်ယာလန်သား ပရော်ဖက်ရှင်နယ် ကစားသမား ဂျော့ချ်ဘတ်စ်ဟာ ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး သူ့ခေတ်က ဘောလုံးသမိုင်းမှာ အကောင်းဆုံးစာရင်းဝင်ခဲ့ပါတယ်။ ဘတ်စ်ဟာ ၁၉၆၈ ခုနှစ်အတွက် Ballon d’Or ဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
(၄) ရိုင်ယန်ဂစ်
Photo: wallpapercave
မန်ချက်စတာယူနိုက်တက်အသင်းကြီးရဲ့ ငယ်မွေးခြံပေါက်တစ်ဦးဖြစ်တဲ့ ဂစ်ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးအမွေတစ်ခုလို့တောင် ပြောကြပါတယ်။ ဝေလနယ်သား ကစားသမားကြီးဟာ ယူနိုက်တက်အသင်း အားကစားဝတ်စုံကို နှစ်ပေါင်းများစွာ ဝတ်ဆင်ခဲ့တဲ့ ဂန္ဓဝင်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
ကလပ်အသင်းနဲ့အတူ ပွဲပေါင်း ၉၄၅ ပွဲ ကစားခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ ပွဲအရေအတွက် အများဆုံး ကစားသမားတွေထဲ တစ်ဦးလည်း ဖြစ်ပါတယ်။ အသင်းနဲ့အတူ ဆုဖလား ၃၅ ခု ကိုင်မြှောက်နိုင်ခဲ့တာလည်း ဂစ်ရဲ့ မှတ်တမ်းကောင်းတစ်ခုပါပဲ။
(၃) ဒေးဗစ်ဘက်ခ်ဟမ်း
Photo: BBC
မျိုးဆက်တစ်ခုရဲ့ အတော်ဆုံး ကွင်းလယ်ကစားသမားအဖြစ် အဖော်ပြခံရတဲ့ ဒေးဗစ်ဘက်ခ်ဟမ်းဟာလည်း ဂစ်လိုပဲ မန်ချက်စတာယူနိုက်တက် အကယ်ဒမီကျောင်းထွက်တစ်ဦး ဖြစ်ပါတယ်။ ဘက်ခ်ဟမ်းဟာ နဗီးလ်ညီအစ်ကိုတို့လိုပဲ ဆာအဲလက်ဖာဂူဆန်ကြီးရဲ့ လက်ရုံးအဖြစ် သရဲနီပီပီ တာဝန်ကျေခဲ့ပါတယ်။ ပရီမီးယားလိဂ်ဖလား ၆ ခု ၊ UCL ဆုတစ်ခု နဲ့ တခြားပြည်တွင်းဖလား ၆ ခုကို သရဲနီတို့နဲ့အတူ ဘက်ခ်ဟမ်းလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
(၂) ပေါလ်စကိုးစ်
Photo: thesportsrush
မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲမှာ ပေါလ်စကိုးစ်လည်း ပါဝင်ပါတယ်။ ၉၂ခုနှစ် Class ထဲက အကောင်းဆုံးလက်ရွေးစင်တစ်ဦး ဖြစ်ပြီး သရဲနီတွေနဲ့အတူ အအောင်မြင်ဆုံးနှစ်တွေကို အတူဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။
စကိုးဟာ မန်ချက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၁ ခု ၊ UCL ဆု ၂ ဆု ၊ FA Cups ၄ ခု ၊ လိဂ်ဖလား ၃ ခု ၊ ကွန်မြူနတီဒိုင်း ၅ ခု ၊ Club World Cup တစ်ဆုနဲ့ အင်တာကွန်တီနင်တယ်ဖလားတစ်လုံး သိမ်းပိုက်ခဲ့သူလည်း ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အကယ်ဒမီရဲ့ အအောင်မြင်ဆုံး မျိုးဆက်ပြယုဂ်ဆိုတာပါပဲ။
(၁) ဆာဘော်ဘီ ချာလ်တန်
Photo: telegraph
ဆာဘော်ဘီ ချာလ်တန်ဆိုတာ ဘောလုံးသမားတစ်ဦးဆိုတာထက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ဝိညာဉ်တစ်ခု ၊ Icon တစ်ခုလည်း ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ချာလ်တန်ဟာ ကလပ်နဲ့အတူ ကြီးပြင်းလာတာဖြစ်ပါတယ်။ မြူးနစ်လေယာဉ်ပျက်ကျမှုဖြစ်ခဲ့တဲ့ ၁၉၅၈ နှစ်တွေမှာ ရှင်သန်နိုင်ခဲ့တဲ့သူဟာ အင်္ဂလန်ဘောလုံးလောကမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ထွန်းပြောင်းအောင် စွမ်းဆောင်ရာမှာ အခရာကျခဲ့ပါတယ်။
သူ့ရဲ့ စွမ်းဆောင်မှုနဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆုတွေအများကြီးရခဲ့သလို ၁၉၆၆ ခုနှစ်ထဲမှာ FIFA World Cup နဲ့ Ballon d’Or ဆုတွေလည်း ရခဲ့ပါတယ်။ ဒီနေ့အထိလည်း သူ့ရဲ့ ရုပ်ထုဟာ အိုးထရက်ဒ်ဖို့ရှေ့မှာ ရှိပြီး ကမ္ဘာတလွှားက ဘောလုံးချစ်ပရိသတ်သန်းပေါင်းများစွာရဲ့ လေးစားမှုကို ခံယူနေဆဲ ဖြစ်ပါတယ်။
Featured Photo: BBC