ယောက္ခမ ဆိုတာ တစ်ခါတုန်းက သားမက် ပါဆိုတဲ့ စကားကို ကြားဖူးကြပါလိမ့်မယ်။ သူတို့အလှည့်တုန်းက သူတို့ ယောက္ခမနဲ့ ပြေပြေလည်လည်ရှိချင်မှလည်းရှိမှာပါ။ ဒါပေမဲ့ ကွီးတို့ကတော့ ကိုယ့်မဟေသီလေးရဲ့ မိဘဆိုတော့ ကိုယ့်မဟေသီလေး စိတ်ချမ်းသာဖို့အရေး၊ ကိုယ့်မဟေသီလေးက ပဲလှော်ကြား ဆားမညှပ်ဖို့အရေး ယောက္ခမ တွေနဲ့ ပြေလည်ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိဖို့ လိုအပ်ပြီး သူတို့ရဲ့ အချစ်တွေကို သိမ်းကျုံးယူလိုက်တဲ့ သားမက် တစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။
ဘယ်လိုမျိုးလုပ်ရင် ယောက္ခမ တွေရဲ့ အချစ်ကို သိမ်းကျုံးယူနိုင်တဲ့ သားမက် လိမ္မာလေးတစ်ယောက်ဖြစ်မလဲ။
ယဥ်ယဥ်ကျေးကျေး ရှိပါစေ
ကွီးတို့သည် အလုပ်ကြောင့် စိတ်ဖိစီးစရာတွေ စိတ်တိုစရာတွေ ဖြစ်နေရင်၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ခံစားချက်များ ကောင်းမနေရင်တောင်မှ ကိုယ့်ရဲ့ ယောက္ခမတွေအပေါ် ရိုင်းပျစွာ မဆက်ဆံရပါဘူး။ တကယ်လို့ ကိုယ်က ဒေါသတွေ မဟားတရားထွက်နေတယ်ဆိုရင် သူတို့နဲ့ မတွေ့ရအောင် ရှောင်လိုက်ပါ။ ရှောင်လို့မရရင်တောင်မှ ကိုယ့်ရဲ့ ဒေါသကို အပြင်မထွက်ပါစေနဲ့။ သူတို့အပေါ် ယဥ်ကျေးပျူငှာနေမှုကို မပျောက်ပျက်သွားပါစေနဲ့။
သူတို့ရဲ့ သမီးနဲ့ ပတ်သက်တဲ့ ကောင်းကြောင်းတွေကိုသာ ပြောပါ
လူတိုင်းမှာ မကောင်းတဲ့အကျင့်လေးတွေက ရှိစမြဲပါပဲ။ ကွီးတို့ မဟေသီဆီမှာလည်း မကောင်းတဲ့ အကျင့်ဆိုးတစ်ခု၊ နှစ်ခုလောက်တော့ ရှိမှာပါ။ ကိုယ်က အဲ့ဒါလေးကို ချစ်စနိုးနဲ့ စနောက်ကာ ပြောလိုက်ပေမယ့် တစ်ဖက်က စနောက်တယ်လို့ မမြင်ဘဲ သူတို့ သမီးကို မကောင်းပြောတယ်လို့ ထင်သွားပါလိမ့်မယ်။ သူတို့က ကွီးတို့ မဟေသီရဲ့ မိဘတွေဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က သူတို့သမီး မကောင်းကြောင်းကို သွားပြောမိမယ်ဆိုရင် သူတို့က ဘယ်သူ့ဘက်မှာ ရပ်တည်မယ်လို့ ထင်ပါသလဲ။
ကွီးတို့ ယောက္ခမနဲ့ အဆက်အဆံ မပျက်ချင်စမ်းပါနဲ့။
သူတို့ကို ချီးမွမ်းပါ
ယောက္ခထီးထက်စာရင် ယောက္ခမတွေက ချီးမွမ်းတာကို ပိုကြိုက်ပါတယ်။ ကွီးတို့ ဘယ်လောက်ချီးမွမ်းမွမ်း သူတို့ နားထဲမှာ ကြားရတာ နားငြီးသွားတယ်လို့ရှိမှာမဟုတ်ပါဘူး။ သူတို့ အိမ် သွားလည်တဲ့အခါ ယောက္ခမက ဟင်းချက်တာကောင်းကြောင်း၊ အိမ်က သပ်သပ်ရပ်ရပ်လေးနဲ့ နေချင်စဖွယ်ဖြစ်ကြောင်း စသည်ဖြင့် မရှိ ရှိတာကို ချီးမွမ်းလိုက်ပါ။
ဘဝနဲ့ သက်ဆိုင်တဲ့ အကြံဥာဏ်များ တောင်းပါ
ယောက္ခထီးတွေကျတော့ တစ်မျိုးပေါင်းရမှာပါ။ သူတို့ကကျ ဆရာလုပ်ချင်တတ်ကြပါတယ်။ သူ့သမီးကို ယူထားတယ်ဆိုတော့ သူက ကွီးတို့ကို အပေါ်စီးကပဲ ဆက်ဆံမှာပါ။ ဒါ့ကြောင့် သူတို့ကို ဆရာတင်ထားလိုက်မယ်ဆိုရင်တော့ ကွီးတို့ကို သဘောကျသွားပါလိမ့်မယ်။ သူတို့နဲ့ ပေါင်းသင်းရမယ်ဆိုရင်တော့ ဘဝနဲ့ ပတ်သက်တဲ့ အကြံဥာဏ်ကောင်းများ တောင်းခံကြည့်လိုက်ပါ။ အလုပ်ထဲမှာ ဘယ်လို၊ ဘယ်လို လုပ်ရမလဲ စသည်ဖြင့် ကိုယ့်ရဲ့ အခြေအနေကို ပြောပြပြီး အကြံဥာဏ် ရယူလိုက်ပါ။
လက်ဆောင်များ ဝယ်ပေးပါ
ယောက္ခမတွေအိမ် သွားရောက်လည်ပတ်တဲ့အခါ လက်ချည်းသပ်သပ်ပဲ မသွားဘဲနဲ့ လက်ဆောင်လေးတွေ ယူသွားပေးလိုက်ပါ။ အားဆေးလေးတွေ၊ အာဟာရဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ ယူသွားကာ ယောက္ခမတွေရဲ့ အချစ်ကို သိမ်းကျုံးရယူလိုက်ပါ။
ကိုယ့်မိဘရင်းလိုမျိုး ဂရုစိုက်ပါ
ကိုယ့်ရဲ့ ယောက္ခမတွေဆိုတာလည်း ကိုယ့် မဟေသီရဲ့ မိဘတွေပဲ မဟုတ်လား။ ကိုယ့်ရဲ့ မိဘတွေကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဆက်ဆံသလို ကိုယ့် မဟေသီရဲ့ မိဘတွေကိုလည်း ထိုနည်းအတိုင်းပဲ ဆက်ဆံရပါမယ်။ ကိုယ့်မိဘတွေကို ဂရုစိုက်သလို ကိုယ့်မဟေသီရဲ့ မိဘတွေကိုလည်း ဂရုစိုက်ပါ။ ကိုယ့်အနေနဲ့ မိဘအသစ်ထပ်ရတယ်လို့ မှတ်ယူလိုက်ရင် ယောက္ခမနဲ့ သားမက်ကြားထဲက ကတောက်ကဆဖြစ်တာတွေ ရှင်းသွားပါလိမ့်မယ်။ မေတ္တာဆိုတာ အသွားအပြန်ရှိတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ မေတ္တာက ကိုယ့်အပေါ် ရောင်ပြန်ဟပ်မှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်မဟေသီလေးရဲ့ မိဘတွေကို ဘယ်လိုပုံစံမျိုးနဲ့ ချဥ်းကပ်လေ့ရှိပါသလဲ။
Source: Bridestory
Featured Image: Timesofindia.indiatimes