ရက်ဂေး ဂီတလောကတွင် ဆရာတစ်ဆူအဖြစ် တင်စားခံရသူကတော့ အခြားမဟုတ်ပါဘူး၊ နာမည်ကြီး ဂျာမေနီကန်လူမျိုး အဆိုတော်တစ်ယောက်ဖြစ်တဲ့ Bob Marley ဖြစ်ပြီး သူ့ သီချင်း များသည် ရက်ဂေးဂီတချစ်သူများအကြား ရေပန်းစားပါတယ်။

သူ့ကို ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ၊ ၆ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၈၁ မေလ ၁၁ ရက်နေ့မှာတော့ အနုပညာကြယ်ပွင့် တစ်ပွင့် ကြွေလွင့်သွားခဲ့ရပါတယ်။

ရက်ဂေး Bob Marley သီချင်း

ရက်ဂေး အဆိုတော် Bob Marley ရဲ့ နာမည်အရင်းကတော့ Robert Nesta Marley OM ဖြစ်ပြီး ထိုတေးဂီတ သီချင်း များကို တီထွင်ဖန်တီးကာ ဦးစီးဦးရွက်ပြုခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့သီချင်းများသည် ယနေ့ထိတိုင် သီချင်းချစ်သူများအကြား ရေပန်းစားနေဆဲပဲဖြစ်ပါတယ်။ သီချင်းချစ်သူများအားလုံး နားဆင်ခံစားနိုင်ဖို့ရန်အတွက် ရက်ဂေး အဆိုတော် Bob Marley ရဲ့ သီချင်း ကောင်းများကို ဝေမျှပေးလိုက်ရပါတယ်။

Turn Your Lights Down Low

ဒီသီချင်းသည် ၁၉၇၇ ခုနှစ်က ထွက်ရှိခဲ့တဲ့သီချင်းဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်တွင် Lisa Fischer ကလည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် Colbie Caillat ကလည်းကောင်း ပြန်လည်သီဆိုခဲ့ကြပါတယ်။

Stir It Up

ဒီသီချင်းကိုတော့ ၁၉၆၇ ခုနှစ်က အသံသွင်းခဲ့ပြီး ထိုသီချင်းသည် အမေရိကအပြင် အခြားသောနိုင်ငံများတွင်ပါ ပေါက်ခဲ့တဲ့ သူ့ရဲ့ပထမဦးဆုံးသီချင်းဖြစ်ပါတယ်။ သို့သော် ၁၉၇၂ ခုနှစ်မှ Johnny Nash က Cover ပြန်လည်သီဆိုခဲ့ပြီးမှ လူသိပိုများလာတာဖြစ်ပါတယ်။

I Shot The Sheriff

ဒီသီချင်းလေးကတော့ အကျင့်ပျက်ချစားတဲ့ ရဲသားတစ်ယောက်ကို သတ်လိုက်တဲ့ လူကြီးတစ်ယောက်အကြောင်း ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ လူအများက သူ့ကို တာဝန်ကျေပွန်တဲ့ ရဲသားတစ်ယောက်ကို သတ်လိုက်တယ်ဆိုပြီး စွပ်စွဲထားတဲ့အကြောင်း ရေးသားသီဆိုထားတာဖြစ်ပါတယ်။

Satisfy My Soul

ဒီသီချင်းကတော့ ရက်ဂေးဂီတချစ်သူများအားလုံး အကြိုက်တွေ့ကြတဲ့ Bob Marley ရဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သူ့ရဲ့ Music ပုံစံကို အနည်းငယ်ပြောင်းထားတဲ့အတွက်ကြောင့် စစထွက်ချင်းမှာတော့ ဝေဖန်မှုကို တော်တော်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့အကောင်းဆုံးသီချင်းတစ်ပုဒ်ဖြစ်တယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။

Redemption Song

ဒီသီချင်းလေးသည် စိတ်ခွန်အားပေးစွမ်းမယ့် သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းကို ရက်ဂေးဘုရင် Bob Marley ရေးသားခဲ့တုန်းက ကင်ဆာရောဂါ ခံစားနေရတဲ့အချိန်ဖြစ်ပြီး ဒီသီချင်း လေးမှာ သူ ဘယ်လောက်တောင် အားတင်းထားသလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။

Buffalo Soldier

ဒီသီချင်းလေးသည် စစ်ပွဲတစ်ပွဲမှာ တိုက်ခဲ့ရတဲ့ စစ်သားတစ်ယောက်အကြောင်းကို ရေးသားထားတာဖြစ်ပြီး Bob Marley သည် ထိုစစ်သားရဲ့ဘဝနဲ့ ဘဝတိုက်ပွဲအကြောင်းကို ယှဉ်တွဲဖော်ပြထားတာဖြစ်ပါတယ်။

Jamming

ဒီသီချင်းလေးသည်လည်း စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးတဲ့ သီချင်းကောင်းလေးပဲဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် Bob သည် သေနတ်ပစ်ခံခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အသက်သေတဲ့အထိ မဖြစ်ပွားခဲ့တာပါ။

ထိုသီချင်းထဲတွင် ဘယ်ကျည်ဆန်ကမှ ငါ့ကို တားဆီးလို့မရဘူး ဆိုတဲ့စာသားလေးကို ထည့်သွင်းရေးစပ်ထားတာကို တွေ့ရပါလိမ့်မယ်။

Could You Be Loved

ဒီသီချင်းလေးကို ၁၉၇၉ ခုနှစ်က သူသည် လေယာဉ်စီးနေရင်း ရေးစပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ တွင် ထွက်ရှိခဲ့ပြီး Top 5 အတွင်း ချိတ်တဲ့ နာမည်ကြီးသီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Source: Smoothradio.com

Featured Image: Rolling Stone