ရင်ဘတ်အောင့်ခြင်းဟာ အဖြစ်အများဆုံး နှလုံးရောဂါ လက္ခဏာတစ်ခုလို့ ကျွန်တော်တို့ တော်တော်များများ သိထားကြပါတယ်။ ရင်ဘတ်အောင့် တဲ့ ဝေဒနာ ခံစားရပြီဆိုတာနဲ့ အများစုကလည်း နှလုံးနဲ့ဆိုင်တဲ့ ရောဂါပြဿနာတစ်ခုခု ခံစားနေရပြီလို့ ယူဆတက်ကြပါတယ်။ တကယ်တော့ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာစစ်ဆေးကုသမှု မခံယူပါပဲ ရင်ဘတ်အောင့် ခြင်းကို နှလုံးရောဂါလို့ တထစ်ချ သတ်မှတ်လိုက်လို့ မရပါဘူး။ ဘာလို့ဆို ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက များစွာရှိနေလို့ပါ။ ဒီလို ရင်ဘတ်အောင့် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲကမှ ကွီးတို့ ထင်မှတ်မထားတဲ့ အံ့ဖွယ်အကြောင်းရင်း တချို့ကို ပြောပြပေးပါမယ်။

(၁) စိုးရိမ်ထိတ်လန့်စိတ်များခြင်း

Photo : WebMD

စိုးရိမ်ထိတ်လန့်ခြင်းတွေဟာ Heart Attack ကဲ့သို့ ရင်ဘတ်အောင့် တဲ့ ဝေဒနာကို ခံစားရစေပါတယ်။ ရုတ်တရက် အထိတ်တလန့် အဖြစ် အပျက်တွေ ကြုံတွေ့ရတဲ့အခါမျိုးမှာ စိုးရိမ်ထိတ်လန့်စိတ်တွေ လွန်ကဲပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့ကျကာ ရင်ဘတ်အောင့်တာအပြင် အသက်ရှုမဝခြင်း ၊ ခေါင်းမူးခြင်း ၊ နှလုံးခုန်မြန်ခြင်းနဲ့ လက်ခြေ ထုံကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

(၂) သည်းခြေကျောက်တည်ခြင်း

Photo : WebMD

သည်းခြေအိတ်ထဲ ကျောက်တည်တဲ့အခါမျိုးမှာလည်း ရင်ဘတ်နဲ့ ရင်ခေါင်းအောက်ပိုင်း နေရာတွေမှာ တောင့်တင်းတင်း အောင့်တောင့်တောင့် ခံစားချက်ကို ဖြစ်စေပါတယ်။ အထူးသဖြင့် အစားစားပြီး ညဘက်တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ရင်ဘတ်နဲ့အတူ ပခုံးညာဘက်ခြမ်းနဲ့ နောက်ကျောမှာလည်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။

(၃) အက်စစ်ပြန်တက်ခြင်း

Photo : WebMD

အစာအိမ်ထဲက အက်ဆစ်တွေက အစာပြွန်ထဲကို ပြန်တက်တဲ့အခါ ရင်ဘတ်သာမက မေးရိုးနဲ့ လည်ပင်းတဝိုက်နေရာတွေကိုပါ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါဟာ အရက်နဲ့ ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ အက်စပရင်နဲ့ အခြားအရောင်ကျဆေးတွေ မှီဝဲခြင်း ၊ အိပ်ရာဝင်ခါနီး အစားစားခြင်းနဲ့ ဆီကြော်နဲ့ ချဉ်တဲ့ အစားအစာတွေ စားခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အကယ်၍ ဝမ်းလျှောပြီး မသက်မသာခံစားရပါက သို့မဟုတ် ပျို့အန်ခြင်း/ ချွေးထွက်ခြင်းတို့လို လက္ခဏာတွေ ရှိနေပါက ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

(၄) ကြွက်သားနာကျင်ခြင်း

Photo : WebMD

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်းကြောင့် ကြွက်သားတွေ ဒဏ်ရာရရှိခြင်းကနေလည်း ရင်ဘတ်အောင့် တဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။ အသက်ပြင်းပြင်းရှူတဲ့အခါ ဒါမှမဟုတ် ရင်ဘတ်ကြွက်သားနေရာကို နှိပ်ကြည့်တဲ့အခါ နာကျင်မှု ခံစားရပါက ကြွက်သားဒဏ်ရာ ကြောင့် နာကျင်မှု ဖြစ်စေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ လေ့ကျင့်ခန်းလုပ်တာကို ခဏရပ်ထားတာ ၊ အလေးအပင်မတာတွေကို ရှောင်သင့်ပါတယ်။ နာကျင်တဲ့ နေရာတဝိုက်ကို ရေခဲအိတ် သို့မဟုတ် ရေနွေးအိတ် ကပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

(၅) ကာလသားရောဂါ ခံစားရခြင်း

Photo : WebMD

လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါ (STD) ဟာ အဆုတ်ကို ပြဿနာ ဖြစ်စေနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ အရေပြားနီမြန်းခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ခေါင်းကိုက်ခြင်းနဲ့ ကြွက်သားများ နာကျင်ခြင်းတို့ ပါဝင်ပါတယ်။ ဒီရောဂါဟာ အချို့လူတွေမှာဆိုရင် အဆုတ်တစ်ဝိုက်မှာ အရည်တွေ စုပုံလာစေပြီး ရင်ဘတ်အောင့်ခြင်းနဲ့ ချောင်းဆိုးခြင်း ဝေဒနာတို့ကို ခံစားရစေနိုင်ပါတယ်။

Featured Photo : Verywell Health