လမ်းခွဲပြီးတဲ့ ရည်းစားဟောင်း ကို မေ့မရနိုင်လို့ အခွင့်အရေး နောက်တစ်ကြိမ်လောက် ထပ်လိုချင်သေးပါသလား။ အခုဖော်ပြပေးမယ့် အချက်များနဲ့ နောက်ထပ် အခွင့်အရေးတစ်ကြိမ်လောက် ရရှိနိုင်ပါသေးတယ်။
ကိုယ့်က သူ့ကို ချစ်နေသေးတယ်ဆိုတာ သေချာနေပါစေ
သင်က အထီးကျန်နေရုံ တစ်ခုတည်းကြောင့် သူနဲ့ ပြန်တွဲချင်နေတာလား။ ဒါမှမဟုတ် သူ့ကို အမှန်တကယ်ချစ်သေးတဲ့အတွက်ကြောင့် သူနဲ့ ပြန်တွဲချင်နေသလားဆိုတာကို သေသေချာချာခွဲခြားသိဖို့ လိုအပ်ပါတယ်။
ပထမ အကြောင်းပြချက်ကြောင့် ဆိုရင်တော့ သူ(မ)ကို နောက်တစ်ကြိမ် ဝေဒနာထပ် မပေးပါနဲ့တော့။ သင့်အတွက်ရော သူ(မ)အတွက်ပါ မကောင်းပါဘူး။ ဒုတိယအကြောင်းပြချက်ကြောင့်ဆိုရင်တော့ သင့်ရဲ့စိတ်ရင်းအမှန်ကို သူ(မ)သိအောင် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။
တောင်းပန်ပါ
Photo: Themodernman
သင်နဲ့ သင့် ရည်းစားဟောင်း တို့ လမ်းခွဲလိုက်ရတဲ့ အကြောင်းအရင်းက ဘာ့ကြောင့်များလဲ။ သင့်အမှားကြောင့်လား။ သူ့အမှားကြောင့်လား။ သူ(မ)ကို ချစ်သေးတယ်။ ပြန်လက်တွဲချင်သေးတယ်ဆိုရင်တော့ သင့်ရဲ့မာနကို စွန့်လွှတ်ထားမှ တော်ရာကျပါလိမ့်မယ်။ သမီးရည်းစား ဆက်ဆံရေးတစ်ခုမှာ ပိုချစ်ရတဲ့သူက ပိုရှုံးရတဲ့သူပဲ မဟုတ်လား။
အချိန်တစ်ခုစောင့်ပါ
သူ(မ)ကို ပြန်လည်ပိုင်ဆိုင်ဖို့ဆိုတာ သူ(မ)ကို ချောကလက်ဝယ်ပေးလိုက်ရုံ၊ ပန်းစည်းဝယ်ပေးလိုက်ရုံနဲ့ မရပါဘူး။ သင့်ရဲ့စိတ်အာရုံ၊ သင့်ရဲ့အချိန်တွေကို သူ(မ)အတွက် ပေးထားရမှာဖြစ်ပြီး သင့်ရဲ့ စိတ်ရှည်သည်းခံတတ်မှုကိုလည်း ပြသဖို့ လိုအပ်ပါတယ်။ ဒါမှ သင့်ရဲ့စိတ်ရင်းအမှန်ကို သူ(မ) မြင်မှာပါ။
သူ(မ)က တခြားတစ်ယောက်နဲ့ တွဲနေတယ်ဆိုရင်ရော
သူ(မ)က ရည်းစားအသစ်ရနေပြီဆိုရင်ရော သင် ဘယ်လိုလုပ်ဖို့ စိတ်ကူးရှိပါသလဲ။ သင်သာ သူ(မ)ကို တကယ်စဉ်းစားပေးတယ်ဆိုရင်၊ သူ(မ) ပျော်နေတာကို မြင်ရရုံနဲ့ ကျေနပ်နေတယ်ဆိုရင်တော့ ထိုအတိုင်းပဲ ထားလိုက်ပါ။ သူ(မ)ရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးသင့်ပါဘူး။
တကယ်လို့သာ သူ(မ)က ထိုရည်းစားနဲ့ ပြတ်သွားတယ်ဆိုမှသာလျှင် သင် နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်နိုင်ပါတယ်။
သူ(မ)ကို အတင်းဖိအားမပေးပါနဲ့
Photo: Lovedignity
ရည်းစားဟောင်း ကို ပြန်လည်ပိုင်ဆိုင်ဖို့ရန် အတွက်ဆိုရင် အချိန်ရှိသရွေ့ မက်ဆေ့ချ်တွေ တစ်ပုံကြီး ပို့တာမျိုး၊ ဖုန်းကောလ်တွေ အခါပေါင်း မြောက်မြားစွာ ခေါ်ဆိုနေတာမျိုးလည်း မလုပ်ပါနဲ့။ သူ(မ)ကို အချိန်တစ်ခုပေးပါ။ သူ(မ)ကို အတင်းဖိအားမပေးဘဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါစေ။
သူ(မ)ကို သဝန်တိုအောင် မလုပ်ပါနဲ့
Photo: Hernorm
သူ(မ)ရဲ့ သင့်အပေါ်ထားရှိတဲ့ ခံစားချက်ကို စမ်းသပ်ဖို့ဆိုပြီး တခြားကောင်မလေးနဲ့ တွဲပြပြီး သူ(မ) သဝန်တိုအောင် လုပ်တာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။ သူ(မ)ကို သင့်ရဲ့ကောင်းကွက်လေးတွေ မြင်အောင် ပြသပေးရမှာ ဖြစ်ပါတယ်။ အခြားတစ်ယောက်နဲ့ ဟန်ဆောင်တွဲပြပြီး သူ(မ) စိတ်ရှုပ်ထွေးရအောင် မလုပ်ပါနဲ့။
Source: Lovepanky.com
Featured Image Source: Elitedaily.com