သမီး ရည်းစား ဘဝဆိုတာကတော့ ချစ်ကြည်နူး တစ်တီတူးပြီး နေ့ရက်တိုင်းက သာယာကြည်နူးစရာများနဲ့ ပြည့်နှက်နေပေမယ့် အိမ်ထောင်သည် ဘဝကျပြန်တော့ မတူတော့ပြန်ပါဘူး။ မတူတာက နည်းနည်းလေး မတူညီတာတောင် မဟုတ်ပါဘူး။ အများကြီး ကွဲပြားခြားနားသွားတာပါ။ ကွီးတို့လည်း စိတ်ဝင်စားတယ်ဆိုရင်တော့ သမီး ရည်းစား ဘဝနဲ့ အိမ်ထောင်သည် ဘဝ ခြားနားချက်တွေကို ဆက်လေ့လာကြည့်လိုက်ပါဦး။

ပိုက်ဆံ သုံးစွဲတာတွေကို ပိုမိုစိစစ်လာမယ်

couple

ကွီးတို့ လူပျို ဘဝတုန်းကတော့ ပိုက်ဆံကို ရေလို သုံးချင် သုံးနေမှာပါပဲ။ ကိုယ် လိုချင်တာတွေကို နောက်တစ်ကြိမ် စဥ်းစားနေရတာမျိုး မရှိဘဲ ချက်ချင်း ဝယ်ပစ်လိုက်တာမျိုးတွေလည်း ရှိမှာပါပဲ။ ဒါပေမဲ့ အိမ်ထောင်ကျသွားပြီဆိုတာနဲ့ မတူတော့ပါဘူး။ ကွီးတို့ ပိုက်ဆံ သုံးစွဲတာတွေသည် ပိုမို စည်းစနစ်ကျလာမှာဖြစ်ပြီး ပိုမို ခြိုးခြံ ခြွေတာတတ်လာမှာပဲ ဖြစ်ပါတယ်။

မတူညီတဲ့ ရှုထောင့်ကနေ ပြောင်းလဲ ငြင်းခုန်ကြမယ်

couple

သမီးရည်းစား ဘဝတုန်းကတော့ တစ်ခါတစ်လေ စိတ်ဆိုး စိတ်ကောက်တာတွေ ရှိမှာပါပဲ။ ဒါပေမဲ့ အိမ်ထောင်သည် ဘဝကျတော့ ပိုမို လက်တွေ့ကျသွားတဲ့ ဘဝကို ချဥ်းနင်း ဝင်ရောက်သွားတာဖြစ်တဲ့အတွက် အရင်လို စိတ်ဆိုး စိတ်ကောက်တာတွေ ကလေးဆန်တာတွေကို အချိန်ပေးနေလို့ မရတော့ပါဘူး။ ရှုထောင့်အမြင်တွေသည် ပြောင်းလဲသွားပြီး ကွီးတို့ရဲ့ ငြင်းခုန်ကြတဲ့ ခေါင်းစဥ်တွေကလည်း ပြောင်းလဲသွားပါလိမ့်မယ်။

အနာဂတ်အတွက် ပိုမို ဆွေးနွေး တိုင်ပင်ဖြစ်လာမယ်

ရည်းစား အိမ်ထောင်သည်

လူပျိုဘဝတုန်းကတော့ မိဘအိမ်မှာပဲ အမေ ချက်ကျွေးတာ စားမယ်၊ မနက်မိုးလင်းရင် အမေ ထည့်ပေးတဲ့ ထမင်းချိုင့်ဆွဲပြီး ရုံးသွားတတ်မယ်၊ မနက်ဖြန်၊ သန်ဘက်ခါတွေ အတွက်လည်း ပူပန်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်ထောင်သည် ဘဝကျတော့ မတူတော့ပြန်ပါဘူး။ ကွီးတို့ နှစ်ဦးသားစလုံးရဲ့ အနာဂတ်ကို ပိုမို ဆွေးနွေး တိုင်ပင်ဖို့ လိုအပ်လာပါပြီ။ သားသားမီးမီးတွေပါ ရလာတဲ့အခါ သူတို့အတွက်ပါ ထည့်စဥ်းစားပေးရပြန်ပါတယ်။

တာဝန် ဝတ္တရား ပိုကြီးလာမယ်

ရည်းစား အိမ်ထောင်သည်

အိမ်ထောင့်တာဝန်သည် ကွီးတို့အပေါ် ကျရောက်လာပါပြီ။ ကွီးတို့က အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်လာတာနဲ့အမျှ ကိုယ့်ရဲ့ အိမ်ထောင်ဦးစီးတာဝန်ကို သေချာ ထမ်းရွက်ဖို့ လိုအပ်လာပါတယ်။ တာဝန် ဝတ္တရားဆိုတာသည် လူပျိုတုန်းကနဲ့ လားလားမှကို မသက်ဆိုင်တော့တာပါ။

အချိန်ကို စီမံ ခန့်ခွဲတာတွေ မတူညီတော့ဘူး

ရည်းစား အိမ်ထောင်သည်

လူပျိုဘဝတုန်းက အချိန်ကို သုံးစွဲပုံနဲ့ အိမ်ထောင်သည်ဘဝ အချိန်ကို အသုံးပြုပုံတို့က တူညီမှာ မဟုတ်တာ အသေအချာပါပဲ။ လူပျိုဘဝမှာတုန်းက ကိုယ့် စိတ်ကြိုက် အချိန်ဖြုန်းလို့ ရသမျှ အိမ်ထောင်သည် ဘဝမှာတော့ နှစ်ယောက်အတူတူ အိမ်မှု ကိစ္စတွေ လုပ်ရမယ်၊ ဒီကြားထဲမှာမှ ကိုယ့်ရဲ့ ကိုယ်ပိုင် အလုပ်ကိစ္စလည်း လုပ်ရဦးမယ်၊ နားချိန်ရယ်လို့ သီးသီးသန့်သန့် ထွက်လာမှာ မဟုတ်ပါဘူး။

လူပျိုဘဝကို သတိရ အောက်မေ့တတ်လာမယ်

ရည်းစား အိမ်ထောင်သည်

ဟုတ်ပါတယ်။ နောက်ဆုံး အရေးကြီးဆုံး အချက်ကတော့ ကွီးတို့ရဲ့ လူပျိုဘဝကို သတိရ အောက်မေ့ တမ်းတလာမှာပဲ ဖြစ်ပါတယ်။ လူပျိုဘဝတုန်းက ဘော်ဒါတွေ သူငယ်ချင်းတွေနဲ့ ဘယ်လို ပျော်ပါးခဲ့ရတာ ချစ်သူလေးနဲ့လည်း ဘယ်လိုမျိုး တီတီတာတာ ကြည်နူးခဲ့ရတာ။ အခုတော့ ထိုချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေးက တစ်ခါတစ်လေ စိတ်အလိုမကျရင် မာန်ဖီတတ်တဲ့ ကျားမကြီးအဖြစ် ပြောင်းလဲသွားတာမျိုးကိုလည်း မြင်တွေ့ရပါလိမ့်မယ်။

အခုဖော်ပြ သွားတာတွေကို ကွီးတို့ သဘောတူ လက်ခံကြတယ် ဟုတ်။

Source: Simplerishta.com

Featured Image: Cru.org