မွန်းကြပ်မှုတွေ ဖြေဖျောက်ဖို့ ခရီး ထွက်ချင်တယ်။ ဒါပေမယ့် ဝေးဝေးလံလံ နေရာတွေလည်း မသွားချင်ဘူး။ ဖြစ်နိုင်ရင် နီးနီးနားနား နေ့ချင်းပြန်လို့ရမယ့် နေရာလေးတွေမှာ သွားရောက်ပြီး အေးဆေးအနားယူ အပန်းဖြေချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့ နဲ့ မလှမ်းမကမ်းမှာရှိတဲ့ လည်ပတ်စရာ နေရာလေး တွေကို ညွှန်းပေးချင်ပါတယ်။ မိသားစုနဲ့ ဖြစ်ဖြစ် ၊ ဘော်ဒါတွေနဲ့ ဖြစ်ဖြစ် သွားရောက်အပန်းဖြေလို့ ကောင်းတဲ့ နေရာလေးတွေ ဖြစ်ပါတယ်။ ကဲဒါဆို ဘယ်နေရာတွေ ဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။
(၁) CHAN HTAE , Hlaing Yoma
Photo : CHAN HTAE , Hlaing Yoma
ခြံထဲ (လှိုင်ရိုးမ) ဆိုတဲ့ ဒီနေရာလေးကတော့ စိမ်းစိုတဲ့ တောတောင်သဘာဝရှု့ခင်းတွေကို တစ်ဝကြီးခံစားရင်း မြို့ပြရဲ့ မွန်းကြပ်မှုတွေ ဖြေဖျောက်နိုင်မယ့် တောင်ပေါ် သဘာဝအပန်းဖြေစခန်းလေး ဖြစ်ပါတယ်။ ရန်ကုန်မြို့ ကနေဆို ၁ နာရီလောက် ကားစီးရုံနဲ့ရောက်တဲ့ တိုက်ကြီးမြို့ မြစိမ်းတောင်တောရ နားမှာရှိတာ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ဒေသထွက် အစားအသောက် ၊ အေးချမ်းသာယာတဲ့ သဘာဝရှု့ခင်းတွေနဲ့ ညနေခင်း နေဝင်ဆည်းဆာအလှကို ကြည့်ရှု့ခံစားရင်း စိတ်အေးချမ်းစွာ အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ နေ့ချင်းပြန်သွားလို့ရသလို ညအိပ်လို့လည်းရပါတယ်။ ခြံထဲ (လှိုင်ရိုးမ) Camp Ground ကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ Booking တင်သွားဖို့ လိုပါမယ်။ ဖုန်းနံပါတ် 09 421035069 / 09 421104639။
(၂) ပဲခူးခြံ – December Win
Photo : ပဲခူးခြံ – December Win
ပဲခူးခြံ – December Win ဆိုတဲ့ နေရာလေးကတော့ ရန်ကုန်မြို့ နဲ့ သိပ်မဝေးတဲ့ အင်းတကော်နားက ၁၀ ဧက ကျယ်တဲ့ခြံကြီးထဲမှာ ကိုယ်ပိုင်အိမ်လေး ၊ ကိုယ်ပိုင်ခြံလေးနဲ့ စိတ်အေးလက်အေး အနားယူလို့ရတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ကို တစ်ဖွဲ့ပဲ သီးသန့် လက်ခံတာဆိုတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် သီးသီးသန့်သန့်လေး အပန်းဖြေချင်သူတွေအတွက် လုံးဝအဆင်ပြေပါတယ်။ ခြံဝန်းကျယ်ကြီးထဲမှာ စိတ်လွတ်လက်လွတ် လမ်းလျှောက်မလား ၊ စက်ဘီးလေးစီး မလား၊ သဘာဝအပင်စိမ်းလေးတွေကြားမှာ စိတ်အေးချမ်းမှု ခံစားမလား တကယ်ကို အဆင်ပြေတဲ့နေရာလေး ဖြစ်ပါတယ်။ ခြံထဲမှာ ကိုယ်တိုင်တပျော်တပါး ချက်ပြုတ်စားသောက်ဖို့အတွက် ပစ္စည်းအစုံအလင်လည်း ပြင်ဆင်ပေးထားပါတယ်။ ညအိပ်ညနေလာလို့ရသလို Pet လေးတွေလည်း ခေါ်လာလို့ရပါတယ်။ ပဲခူးခြံကို သွားရောက်လည်ပတ်မယ်ဆိုရင် Booking လေးတင်ဖို့တော့ လိုမယ်နော်။ ဖုန်းနံပါတ် 09788624045 / 09978449257။
(၃) TM Farm Roadhouse
Photo : TM Farm Roadhouse
TM Farm Roadhouse ကတော့ ရန်ကုန်မြို့ အထွက် ထောက်ကြန့်စစ်သင်္ချိုင်းနားမှာရှိတဲ့ အနားယူအပန်းဖြေလို့ ကောင်းတဲ့နေရာလေးတစ်ခု ဖြစ်ပါတယ်။ မွေးမြူရေးဝါသနာပါသူတွေအတွက် နို့စားနွားမွေးမြူရေးခြံကို လေ့လာလို့ရသလို ခြံထွက်အစားအသောက်လေးတွေ မှာယူစားသောက်ရင်း အေးအေးဆေးဆေး အနားယူအပန်းဖြေလို့ ရပါတယ်။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးတွေ ၊ သာယာလှပတဲ့ သဘာဝရှု့ခင်းတွေ ၊ ချစ်စရာအပင်လေးတွေနဲ့ အေးအေးဆေးဆေး အနားယူအပန်းဖြေလို့ရမယ့် ဘန်ဂလိုလေးတွေလည်း ရှိပါတယ်။ ခြံထဲမှာ ညအိပ်လို့တော့ မရပေမယ့် မနက် ၆ နာရီခွဲကနေ ညနေ ၆ နာရီအထိ နေလို့ရပါတယ်။ ဖုန်းနံပါတ် 09407973778။
Featured Photo : TM Farm Roadhouse