ရုရှားသမ္မတပူတင်ဟာ ကြာသပတေးနေ့မှာ ယူကရိန်းနိုင်ငံကို စစ်ကြေညာပြီး အဝေးပစ်ဒုံးကျည်၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေအပြင် ချေမှုန်းရေးတင့်ကားတွေနဲ့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားရဲ့ ရန်လိုတဲ့ အပြုအမူကို ကမ္ဘာတဝန်းက စစ်ကို မလိုလားတဲ့ လူသန်းပေါင်းများစွာက ကန့်ကွက်ရှုံ့ချခဲ့ပြီး အဲဒီထဲမှာ အားကစား လောကမှာ ထင်ပေါ်ကျော်ကြားတဲ့သူတွေလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

Russia Attacked Ukraine

Photo: ABC30

လက်ရှိအချိန်အထိ အားကစားလောကမှာ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့အနေနဲ့ တုံ့ပြန်ခဲ့တာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

-ယူအီးအက်ဖ်အေက ရုရှားက ယူကရိန်းကို အင်အားအပြည့်နဲ့ ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက် ယနေ့နံနက်မှာ စိန့် ပီတာစ်ဘာ့ဂ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဖျက်သိမ်းဖို့အတွက် အရေးပေါ် အစည်းအဝေးခေါ်ခဲ့ပြီး ပြင်သစ်နိုင်ငံ၊ Stade de France ကွင်းမှာ ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

-ယူကရိန်းမှာ သောင်တင်နေလို့ ကြောက်ရွံ့နေတဲ့ ဘရာဇီးလ်ကစားသမားတွေက အစိုးရကို ဗီဒီယိုရိုက်ပြီး လေယာဉ်စေလွှတ်ပေးပြီး လာကယ်ထုတ်ဖို့နဲ့ စားစရာရော၊ ဓာတ်ဆီရော၊ ပိုက်ဆံပါ မရှိတော့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ ရှက်တာဒိုးနတ်နဲ့ ဒိုင်နမိုကိဗ်အသင်း ကစားသမားတွေဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့ ယူကရိန်းမြို့တော် ကိဗ်က ဟိုတယ်မှာ တစုတဝေးတည်း ရှိနေကြတာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး နယ်စပ်တွေလည်း ပိတ်ထားသလို ဘဏ်တွေလည်း လည်ပတ်ခြင်းမရှိတော့တာကြောင့် ငွေကြေးလည်း တပြားတချပ်မှ မရှိတော့လို့ စားစရာနဲ့ ဓာတ်ဆီပါ ပြတ်လပ်နေပြီလို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

-ရှက်တာဒိုးနတ်နည်းပြဟောင်း ပေါ်လို ဖွန်ဆီကာဟာ ယူကရိန်းမြို့တော်ကနေ ထွက်ခွာမယ့် လေကြောင်းခရီးစဉ် ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက် ယူကရိန်းနိုင်ငံသား ဇနီးနဲ့ သားတို့နဲ့အတူ ကိဗ်မြို့မှာ သောင်တင်နေပြီး အိမ်ပေါ်ကို ဗုံးမကျလာပါစေနဲ့လို့ ရင်တမမနဲ့ နေနေရတာဟာ ၎င်းရဲ့ဘဝမှာ အဆိုးရွားဆုံးနေ့ရက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Sweden National Team

Photo: Daily Mail

-ဆွီဒင်အက်ဖ်အေ ဥက္ကဌ က ရုရှားမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား play-off ပွဲစဉ်နဲ့ပတ်သက်ပြီး စဉ်းလို့တောင် မရတော့ဘူးလို့ ကြာသပတေးနေ့က ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ပြောကြားခဲ့ပါတယ်။ ဆွီဒင်ဟာ မတ်လ ၂၄ ရက်နေ့မှာ ချက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းက ပိုလန်နဲ့ ရုရှားတို့ထဲက အနိုင်ရရှိတဲ့အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

-ဂျာမန်ဘောလုံးအသင်းဖြစ်တဲ့ ရှော်ကေးဟာ ယူကရိန်းကို ဗလာဒီမာ ပူတင်က စစ်ကြေညာခဲ့ပြီးနောက် ၎င်းတို့အသင်းရဲ့ ရှပ်ပေါ်က ရုရှားပိုင် စပွန်ဆာ Gazprom ရဲ့နာမည်ကို ဖယ်ရှားခဲ့ပြီး ပူတင်နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဥက္ကဌ မားသီးယပ်စ် ဝါးနစ်ဂ်ကလည်း အသင်းဘုတ်အဖွဲ့ကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

-ရုရှားလက်ရွေးစင်နဲ့ ဒိုင်နမို မော်စကိုတိုက်စစ်မှူး ဖြစ်တဲ့ ဖီဒေါ် စမိုလော့ဗ်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခြင်းကို ဆန့်ကျင်တဲ့အနေနဲ့ အင်စတာရမ်မှာ စစ်ပွဲအလိုမရှိဆိုတဲ့စာကို ရေးသားခဲ့ပါတယ်။ စမိုလော့ဗ်ဟာ ရုရှားနဲ့ ယူကရိန်းအရေးမှာ ပထမဆုံးမှတ်ချက်ပေးခဲ့တဲ့ ရုရှားကစားသမားဖြစ်လာခဲ့ပြီး ကြာသပတေးနေ့မှာ ၎င်းရဲ့နိုင်ငံကို အင်စတာဂရမ်မှာ ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

Ukraine Coach

Photo: Daily Mail

-ယူကရိန်းလက်ရွေးစင်နည်းပြ အိုလက်ဇန်းဒါး ပီထရာကော့ဗ်က လာမယ့်လ စကော့တလန်မှာ ကစားရမယ့် ကမ္ဘာ့ဖလား play-offs ပွဲစဉ်ကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ ပြောကြားခဲ့ပြီး အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူကရိန်းနည်းပြက တသက်လုံး ကိဗ်မြို့မှာ နေထိုင်လာခဲ့တာဖြစ်တာကြောင့် ဘယ်ကိုမှ ထွက်သွားမှာမဟုတ်ဘဲ နိုင်ငံကို တတ်နိုင်သလောက် ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

-ဘာစီလိုနာနဲ့ နာပိုလီကစားသမားတွေဟာ ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် Play-off ပွဲစဉ်မတိုင်ခင် စစ်ပွဲတွေရပ်ဆိုတဲ့ စာတမ်းကို အတူတကွ ကိုင်ဆောင်ပြီး ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားကို ဆန့်ကျင်ခဲ့ကြပါတယ်။

Featured Photo: Daily Mail