ရုံးပတီသီး များများစားလို့ ပြောလိုက်တာနဲ့ ယောကျာ်းလေး တော်တော်များများ အထာပေါက်ကြမှာပါ။ ဒါဆို ရုံးပတီသီးက တကယ်ပဲယောကျာ်းလေးတွေအတွက် ကောင်းရဲ့လား ? ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ရုံးပတီသီးမှာ အမျိုးသားတစ်ယောက်ရဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးပါတဲ့ အာဟာရတန်ဖိုးတွေ ပြည့်စုံမျှတစွာ ပါဝင်နေတယ်ဆိုတာကို အရင်ဆုံး ထည့်ပြောရပါတယ်။ မဂ္ဂနီဆီယမ် ၊ ဖောလစ်အက်ဆစ် ၊ အမျှင်ဓာတ် ၊ ဗီတာမင် C ၊ ဗီတာမင် K1 ၊ ဗီတာမင် A နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ စတဲ့ အဓိက အာဟာရဓာတ်တွေ အများကြီးပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကျန်းမာရေးအတွက် တင်မကပဲ ယောကျာ်းလေးတွေရဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက်လည်း များစွာအကျိုးပြုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ရုံးပတီသီးစားပေးတာက ကွီးတို့အတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်လဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

okra

Photo : Healthline

နံပါတ် (၁) ရုံးပတီသီးမှာ ယောကျာ်းလေးတွေရဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် အဓိကအရေးပါတဲ့ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် လိင်အင်္ဂါ ထောင်မတ်နိုင်စွမ်းကို ပိုမိုအားကောင်းစေပြီး ပန်းသေပန်းညိုးနဲ့ လိင်အင်္ဂါမသန်စွမ်းမှုပြဿနာတွေကို ကာကွယ်ပေးပါတယ်။

နံပါတ် (၂) ရုံးပတီသီးဟာ အမျိုးသားတွေရဲ့ သုတ်ပိုးကျန်းမာရေးကို မြှင့်တင်ပေးပြီး ဖောလစ်အက်ဆစ်လည်း ပါဝင်တာကြောင့် အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ကို ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။

နံပါတ် (၃) လိင်မှုဆိုင်ရာ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ကိုယ်အလေးချိန် အဆမတန် မြင့်တက်ခြင်းနဲ့ အဝလွန်ခြင်းပါပဲ။ ရုံးပတီသီး ဟာ ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်ခု ဖြစ်တာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေတဲ့ ကွီးတို့အတွက် စားသင့်တဲ့ အစားအစာတစ်ခုပါပဲ။

နံပါတ် (၄) ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံးနဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတဲ့ ရောဂါကြီးတစ်ခုပါ။ ရုံးပတီသီးမှာတော့ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးတဲ့ Lectin ဆိုတဲ့ ပရိုတင်းဓာတ်တွေ ပါဝင်တဲ့အတွက် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

နံပါတ် (၅) ရုံးပတီသီး စားပေးတာဟာ အမျိုးသားတွေရဲ့ Libido ကို မြှင့်တင်ပေးပြီး လိင်စိတ်ဆန္ဒကို ပြန်လည်တက်ကြွစေဖို့ ကူညီပေးပါတယ်။

okra

Photo : Masala Monk

နံပါတ် (၆) ရုံးပတီသီးမှာ ဗီတာမင် C ဓာတ်တွေလည်း အများအပြားပါဝင်ပါတယ်။ အဆိုပါ ဗီတာမင် C ဓာတ်ဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။

နံပါတ် (၇) အမျှင်ဓာတ်ကြွယ်ဝတဲ့ ရုံးပတီသီး ဟာ အစာခြေစနစ်ကို အထောက်အကူပြုပြီး အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

နံပါတ် (၈) ရုံးပတီသီးမှာ Polyphenols ၊ Isoquercitrin နဲ့ Flavonoids ကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သွေးကြောပိတ်ခြင်း ၊ သွေးခဲခြင်းစတဲ့ ပြဿနာတွေကို လျော့နည်းစေပါတယ်။

နံပါတ် (၉) ရုံးပတီသီးဟာ သွေးတွင်းသကြားဓာတ်ကို ညီမျှစေဖို့လည်း အထောက်အကူ ပြုပါတယ်။

အားလုံးခြုံပြီး ပြောရမယ်ဆိုရင်တော့ ရုံးပတီသီး ဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါသန်စွမ်းမှု ၊ သုတ်ပိုးကျန်းမာရေးနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်တက်စေနိုင်တဲ့အပြင် ငွေကုန်ကြေးကျနည်းနည်းနဲ့ အလွယ်တကူနေရာမရွေး ဝယ်ယူလို့ရနိုင်တဲ့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ သဘာဝဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။

Featured Photo : wikiHow