အရက် သောက်ခြင်းက ယောကျာ်းလေးအများစုနဲ့ ကင်းကွာလို့ မရပေမယ့် ဘယ်အချိန်ဖြစ်ဖြစ် ချင့်ချိန်သောက်သင့်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ အရက်အလွန်အကျွံ သောက်သုံးတာက ကျန်းမာရေးအတွက်မကောင်းသလို ရုပ်ပိုင်း/စိတ်ပိုင်း ဆိုင်ရာမှာလည်း ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ကိုယ်သောက်နိုင်တဲ့ ရေချိန်ကို ကျော်လွန်ပြီး သောက်မိမယ်ဆိုရင် ပထမဆုံး ခံစားရမှာကတော့ အရက်နာကျခြင်း ဝေဒနာပါပဲ။ အရက်နာကျပြီဆိုရင် ခေါင်းမူးခေါင်းကိုက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်းနဲ့ ပျို့အန်ခြင်းစတဲ့ လက္ခဏာတွေ ခံစားရလေ့ရှိပြီး ထိုင်မရ ထမရနဲ့ ခံစားရခက်စေပါတယ်။ တကယ်လို့ ကွီးတို့ သောက်နိုင်တဲ့ ပမာဏထက်ကျော်လွန်ပြီး သောက်မိလို့ အရက်နာကျနေပြီဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ ကုစားလို့ ရနိုင်ပါတယ်။
(၁) ရေဓာတ်ဖြည့်ပါ
Photo : iStock
အရက် အလွန်အကျွံသောက်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်အများအပြား ဆုံးရှုံးသွားစေပါတယ်။ ရေဓာတ်ခန်းခြောက်တာက မောပန်းနွမ်းနယ်တာ ၊ ခေါင်းမူးတာတွေ ဖြစ်စေပြီး အရက်နာကျခြင်းကို ပိုဆိုးသွားစေပါတယ်။ ဒါကြောင့် အရက်သောက်ပြီးချိန်မှာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက် ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ကြွယ်ဝတဲ့ ဖရဲသီး ၊ လိမ္မော်သီး နဲ့ သခွားသီးလို လတ်ဆတ်တဲ့ အသီးအနှံတွေလည်း စားပေးနိုင်ပါတယ်။
(၂) မနက်စာ ကောင်းကောင်းစားပါ
Photo : iStock
အရက်အလွန်အကျွံသောက်မိပြီး နောက်တစ်နေ့မှာ မနက်စာကို ကောင်းကောင်းစားပေးပါ။ ဒါဟာ အရက်နာကျခြင်းကို ကုသနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အစာကြေလွယ်ပြီး ဗီတာမင်၊ သတ္ထုဓာတ် နဲ့ အာဟာရဓာတ်တွေ ပြည့်စုံမျှတစွာပါဝင်တဲ့ မနက်စာတစ်ခွက် စားပေးတာက အားအင်ပြည့်ဝ လန်းဆန်းစေပြီး အရက်နာကျတဲ့ ဝေဒနာကို လျော့ကျသက်သာစေမှာ ဖြစ်ပါတယ်။
(၃) ဂျင်းပါဝင်တဲ့ စွပ်ပြုတ်ပူပူတစ်ခွက် သောက်ပေးပါ
Photo : iStock
အရက်ကျနာလို့ ပျို့အန်ချင်တဲ့ စိတ်ကို သက်သာစေမယ့် သဘာဝ ဆေးတစ်လက်က ဂျင်းပါပဲ။ ဂျင်းက ပျို့အန်ချင်တာ ၊ ခေါင်းမူးတာတွေကို သက်သာစေနိုင်တဲ့ အစွမ်းထက် မီးဖိုချောင်သုံး ပစ္စည်းတစ်ခု ဖြစ်တာကြောင့် အရက်နာကျချိန်မှာ ဂျင်းထည့်ပြုတ်ထားတဲ့ စွပ်ပြုတ်ပူပူလေးတစ်ခွက် သုံးဆောင်ပေးနိုင်ပါတယ်။
(၄) အိပ်ရေးဝအောင်အိပ်ပါ
Photo : iStock
အယ်လ်ကိုဟောပါတဲ့ အရက်နဲ့ အဖျော်ယမကာတွေကို အတိုင်းအတာတစ်ခုနဲ့ သောက်သုံးမယ်ဆိုရင် အိပ်စက်ခြင်းကို အထောက်အပံ့ဖြစ်စေနိုင်ပေမယ့် အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ အိပ်စက်မှုအရည်အသွေးကို လျော့ကျစေပြီး ကောင်းစွာအိပ်ပျော်စေဖို့ ခက်ခဲစေနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းက အရက်နာကျခြင်းကို ပိုမိုဆိုးရွားစေပြီး မောပန်းတာ ၊ စိတ်တိုလွယ်တာ နဲ့ ခေါင်းကိုက်တာတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေချိန်ကျော်ပြီး သောက်မိချိန်မှာ အိပ်ရေးဝဝသာ အိပ်စက်အနားယူပေးပါ။ အိပ်ရေးဝရင် လူကလန်းပြီး နေလို့ကောင်းလာပါလိမ့်မယ်။
Featured Photo : Fit for Fun