ပူပြင်းတဲ့ နွေရာသီမှာ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွက် လုံ လောက်တဲ့ ရေပမာဏကို ဖြည့်တင်းနိုင်ဖို့ ရေများများသောက်သုံးပေးနိုင်သလို ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးခြင်းဖြင့်လည်း ရေဓာတ်ဖြည့်တင်းနိုင်ပါတယ်။ ဒီဆောင်းလေးမှာတော့ ခန္ဓာကိုယ်အတွက် ရေဓာတ် ပြည့်ဝနေစေဖို့ ကူညီပေးမယ့် အကောင်းဆုံး စားစရာ ၄ မျိုးကိုပြောပြပေးချင်ပါတယ်။
(၁) သခွားသီး
Photo: Healthline
သခွားသီးဟာ ကယ်လိုရီပါဝင်မှုနည်းပြီး ရေဓာတ်အလွန်ကြွယ်ဝတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဗီတာမင် ၊ အင့်ဒီအောက်ဆီးဒင့် ၊ မဂ္ဂနီဆီယမ်တို့အပါအဝင် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ် တော်တော်များများ ပါဝင်ပါတယ်။ သခွားသီးကို ဒီတိုင်းစားလို့ရသလို ဖျော်ရည်အနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။
(၂) စတော်ဘယ်ရီသီး

Photo: GQ
စတော်ဘယ်ရီသီးမှာလည်း ရေဓာတ်ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ပမာဏကို ပြည့်ဝအောင်ဖြည့်တင်းပေးပါတယ်။ စတော်ဘယ်ရီကိုပုံမှန်စားပေးမယ်ဆိုရင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်ရောင်ရမ်းနာကျင်ခြင်းတွေကိုလျော့နည်းစေပါတယ်။
(၃) ခရမ်းချဉ်သီး

Photo : Freepik
ခရမ်းချဉ်သီးမှာ ရေဓာတ် ၉၅% အထိပါဝင်နေပါတယ်။ ပြီးတော့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝခြင်းတွေကလည်း သူ့ရဲ့ အရေးပါတဲ့ နောက်ထပ် အကျိုးကျေးဇူးတွေပါပဲ။ ဒါကြောင့် ခရမ်းချဉ်သီးကို နေစဉ်ပုံမှန် မှီဝဲပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ကောင်းကောင်းဖြည့်တင်းပေးနိုင်မှာဖြစ်သလို အသားအရေလည်း ကြည်လင်လှပစေမှာဖြစ်ပါတယ်။
(၄) ဖရဲသီး

Photo: iStock
ဖရဲသီးဟာ ရေဓာတ်ပါဝင်မှုများပြားပြီး ကယ်လိုရီပါဝင်မှုလည်း နည်းပါးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေအတွက် ရေဓာတ်ဖြည့်တင်းဖို့ရာ ဖရဲသီးက ကောင်းမွန်တဲ့ရွေးချယ်မူတစ်ခု ဖြစ်ပါတယ်။
