Sex Drive လို့ခေါ်တဲ့ လိင်စိတ်ဆန္ဒဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ အမျိုးမျိုးကွဲပြားနိုင်ပြီး သိပ္ပံနည်းအရ လူတွေရဲ့ လိင်စိတ်အတက်အကျ အပြောင်းအလဲကို ဘယ်လိုဘယ်ပုံ အတိအကျ တိုင်းတာရမယ်ဆိုတဲ့ အဖြေတစ်ခု မရှိသေးပါဘူး။ အဓိကအားဖြင့် လိင်စိတ် အတက်အကျဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်း အပြောင်းအလဲနဲ့ အဓိက သက်ဆိုင်နေပြီး အသက်အရွယ် ၊ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေ ၊ နေ့စဉ်ဘဝ နေထိုင်ဖြတ်သန်းမှုပုံစံ စတဲ့ အရာတွေနဲ့ အများကြီး သက်ဆိုင်နေတယ်လို့ ပြောရမှာပါ။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေရဲ့ အသက်အရွယ် အပိုင်းအခြားအလိုက် လိင်စိတ် ပြောင်းလဲပုံ အဆင့်ဆင့် ကို လေ့လာသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။

(၁) အသက် ၂၀ အရွယ် ကာလအပိုင်းအခြား

Men: Your 20s

Photo : Web MD

လိင်စိတ် နိုးကြားမှုအတွက် အမျိုးသားမှာ အလိုအပ်ဆုံး ဟော်မုန်းဓာတ်တစ်မျိုးဖြစ်တဲ့ Testosterone ကျားဟော်မုန်းဟာ ပုံမှန်အားဖြင့် ဆယ်ကျော်သက်ကာလနဲ့ အသက် ၂၀ နှစ်အရွယ် ဝန်းကျင်အတွင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီအသက်အရွယ် အပိုင်းအခြား အမျိုးသားတွေမှာ လိင်စိတ်တက်ကြွမှု အများဆုံး ဖြစ်နေတာပါ။ အသက် ၂၀ အရွယ် အမျိုးသားတွေမှာ Erectile Dysfunction (ED) လို့ခေါ်တဲ့ ပန်းသေပန်းညိုး ဖြစ်နိုင်ခြေ ရာခိုင်နှုန်းဟာ ၈ ရာခိုင်နှုန်းခန့်သာ ရှိပြီး ဒါကလည်း ဆေးဘက်ဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါအခြေအနေတွေကြောင့် ဖြစ်ပွားနိုင်ခြေ ရှိတာပါ။ ဒါပေမယ့် ငယ်ရွယ်နုနယ်သေးတဲ့ အရွယ်ဖြစ်တာကြောင့် လိင်မှုရေးရာ အတွေ့အကြုံနည်းပါးတဲ့အတွက် လိင်မှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက်တော့ စိတ်ပူပန်ရမယ့်အချိန်လည်း ဖြစ်ပါတယ်။

(၂) အသက် ၃၀ နဲ့ အသက် ၄၀ အစောပိုင်းအရွယ် ကာလအပိုင်းအခြား

Men: 30s and Early 40s

Photo : Web MD

အမျိုးသားတွေအနေနဲ့ အသက် ၃၅ နှစ်ဝန်းကျင်ကို ရောက်ရှိလာတာနဲ့အမျှ Testosterone လို့ခေါ်တဲ့ ကျားဟော်မုန်း ထုတ်လုပ်မှုနှုန်းဟာ တဖြည်းဖြည်း လျော့နည်းလာတက်ပေမယ့်လည်း အမျိုးသားအများစုကတော့ လိင်စိတ် နိုးကြားမှု ၊ လိင်မှုဆိုင်ရာ တက်ကြွလှုပ်ရှားမှုတွေ ဆက်လက်ရှိနေပါတယ်။ ကျားဟော်မုန်း ထုတ်လုပ်မှု ပမာဏဟာ ပုံမှန်အားဖြင့် တစ်နှစ်လျှင် ၁ ရာခိုင်နှုန်း ခန့်ကျဆင်းသွားလေ့ရှိပြီး အချို့အမျိုးသားတွေမှာတော့ ရာခိုင်နှုန်းပိုများများ ကျဆင်းနိုင်ပါတယ်။ ဒါဟာ ကွီးတို့ရဲ့ လိင်မှုဘဝအပေါ် ဆိုးကျိုးများစွာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါ့အပြင် သက်လတ်အပိုင်း အရွယ် အမျိုးသားတွေမှာ အလုပ်အကိုင် ၊ မိသားစုနဲ့ အခြားသော လူမှုဘဝဆိုင်ရာ ဖိအားအမျိုးမျိုးကြောင့် လိင်စိတ်တက်ကြွမှု ကျဆင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။

(၃) အသက် ၅၀ အရွယ်နဲ့ အထက် ကာလအပိုင်းအခြား

Men: 50s and Beyond
Photo : Web MD

အသက် ၅၀ အရွယ်နဲ့ အသက် ၅၀ အရွယ်နဲ့အထက် အမျိုးသားတွေမှာတော့ လိင်မှုဘဝအပေါ် ပျော်ရွှင်ကျေနပ်မှုဟာ ရာခိုင်နှုန်း အတော်လေး နည်းသွားပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ သက်ကြီးပိုင်း အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ အများကြီး ရှိလာနိုင်သလို နှလုံးရောဂါ ၊ ဆီးချိုရောဂါ ၊ ကိုလက်စထရောတက်ခြင်း ၊ အဝလွန်ခြင်းနဲ့ အဆိုပါ နာတာရှည်ရောဂါတွေကို ကုသရာမှာ မှီဝဲရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း လိင်မှုဘဝနဲ့ လိင်စိတ် တက်ကြွမှုအပေါ် အပြောင်းအလဲ များစွာ ရှိစေနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတာနဲ့အမျှ သက်ကြီးပိုင်းအရွယ် အမျိုးသားတွေမှာ Erectile Dysfunction (ED) လို့ခေါ်တဲ့ ပန်းသေပန်းညိုး ရောဂါ ဖြစ်နိုင်ခြေဟာလည်း ပိုမိုမြင့်တက် လာပါတယ်။

Source : Web MD

Featured Photo : The Well by Northwell – Northwell Health