ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတဲ့ လီနင် Shirt တွေက ပူအိုက်တဲ့ နွေဦးရာသီကာလတွေနဲ့ အလိုက်ဖက်ဆုံး ဆိုပေမယ့် ရာသီမရွေးဝတ်လို့ အဆင်ပြေတဲ့ အမျိုးသားဝတ် ဖက်ရှင်တစ်မျိုးလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ ပုံမှန်ထသွားထလာ ပေါ့ပေါ့ပါးပါး ဖက်ရှင်ကနေ ပွဲတက်ဖက်ရှင်တွေအထိ လီနင် Shirt တွေ စတိုင်ကျကျ ဝတ်ဆင်လို့ ရပါတယ်။ ဒီတစ်ခေါက်တော့ ဖက်ရှင်ချစ်သူ ကွီးတို့အတွက် လီနင် Shirt တွေကို စတိုင်ကျဆုံး ဝတ်ဆင်နိုင်မယ့် ဖက်ရှင် အတွဲအစပ် တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) လီနင် Shirt နဲ့ Jeans

Featured Photo : DMARGE

Jeans ဘောင်းဘီနဲ့ မလိုက်တဲ့ Shirt အင်္ကျီဆိုတာ မရှိသလောက်ကို ရှားပါတယ်။ ကွီးတို့ ရိုးရိုးရှင်းရှင်းနဲ့ စတိုင်ကျချင်တယ်ဆိုရင်တော့ လီနင် Shirt နဲ့ Jeans ဘောင်းဘီကိုသာ တွဲဝတ်လိုက်ပါ။ Jeans ဘောင်းဘီကို အနက်ရောင် ၊ မဲနယ်ရောင် နဲ့ မိုးပြာရောင် နှစ်သက်ရာ ဝတ်နိုင်ပါတယ်။ လီနင် Shirt ကိုတော့ တံတောင်ဆစ်နေရာအထိ လက်ကိုခေါက်ဝတ်ပါ။ အင်္ကျီက ခန္ဓာကိုယ်နဲ့ ပွလွန်း ၊ ကျပ်လွန်းမနေပဲ အံ့ဝင်ခွင်ကျ ဖြစ်နေဖို့ကို အထူးဂရုစိုက်ရပါမယ်။ အောက်က အဖြူရောင် Sneaker တစ်ရံနဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ နွေရာသီ Outfit စတိုင်ကို ရရှိပြီပဲ ဖြစ်ပါတယ်။

(၂) လီနင် Shirt နဲ့ ဂျက်ကတ်

Featured Photo : DMARGE

လီနင် Shirt တွေက ဂျက်ကတ်အမျိုးအစား အားလုံးနဲ့ လိုက်ဖက်မှုရှိပါတယ်။ ဂျက်ကတ် နဲ့ တွဲဝတ်မယ်ဆိုရင် သတိထားရမယ့် တစ်ခုတည်းသောအချက်က လီနင် Shirt ရဲ့အောက်ခြေက အရမ်းရှည်မနေဖို့ပါပဲ။ ဒါက အဆင်မပြေလောက်တဲ့အထိ ကြည့်ရဆိုးတာမျိုး မဟုတ်ပေမယ့် ကွီးတို့ရဲ့ စတိုင်ကျမှုကို အနည်းငယ် လျော့ကျစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် လီနင် Shirt ရွေးတဲ့အခါ ဝတ်နေကျထက် တစ်ဆိုဒ်လျှော့ဝတ်တာက ခန္ဓာကိုယ်နဲ့ပိုပြီး ကွက်တိကျစေမှာပါ။ Bomber ဂျက်ကတ် ၊ Field ဂျက်ကတ် ၊ ကာဒီဂန် (ရင်အခွဲဆွယ်တာအင်္ကျီ) ၊ Blazer ကုတ် အပါ အဝင် တခြား ဂျက်ကတ် အားလုံးနီးပါးနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၂) လီနင် Shirt နဲ့ Chinos

Featured Photo : DMARGE

ပေါ့ပါးမှုရှိရမယ် ၊ စမတ်လည်းကျရမယ်ဆိုရင်တော့ ကွီးတို့အများကြီး ခေါင်းရှုပ်မခံပါနဲ့။ လီနင် Shirt နဲ့ Chinos ဘောင်းဘီကိုသာ တွဲဝတ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ လီနင် Shirt နဲ့ Chinos အတွဲအစပ်က ပေါ့ပါးလွတ်လပ်ပြီး သက်တောင့်သက်သာနဲ့ စတိုင်ကျစေတဲ့ Outfit စတိုင်တစ်ခု ဖြစ်ပါတယ်။ ကာကီရောင် ၊ ခရင်မ်ရောင် ၊ သဲရောင်နဲ့ Pastel Color တွေလို အရောင်ခပ်ဖျော့ဖျော့ Chinos ဘောင်းဘီတွေက လီနင် Shirt နဲ့ တွဲဝတ်ဖို့ အလိုက်ဖက်ဆုံးပါပဲ။ လီနင် Shirt တွေကိုတော့ ဆန့်ကျင်ဘက် အရောင်ရင့်ရင့်တွေထဲက ဦးစားပေးရွေးချယ်သင့်ပြီး အရောင်အနုဘက်သွားတဲ့ ကာလာတွေနဲ့ တွဲဝတ်လို့လည်း အဆင်ပြေပါတယ်။

(၄) လီနင် Shirt နဲ့ Suit

Featured Photo : DMARGE

လီနင် Shirt နဲ့ Suit ဖက်ရှင် အတွဲအစပ်က စမတ်ကျတဲ့ အမျိုးသားတစ်ယောက်အသွင်ကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး Outfit စတိုင်တစ်မျိုးပါ။ လီနင် Shirt ကို Suit အောက်ခံအနေနဲ့ လိုက်ဖက်မှုရှိရှိ တွဲဖက်ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ လီနင် Shirt နဲ့ Trousers ကအရောင်တူတာ ပြဿနာမရှိပေမယ့် Suit နဲ့တစ်ရောင်တည်း ဖြစ်နေတာမျိုးတော့ အထူးရှောင်ကြဉ်သင့်ပါတယ်။ အကယ်၍ Navy ရောင် Suit ဝတ်မယ်ဆိုရင် လီနင် Shirt ကို အဖြူရောင်ရွေးချယ်ပါ။ လီနင် Shirt ကို Navy ရောင်ဝတ်မယ်ဆိုရင်တော့ မီးခိုးဖျော့ရောင် Grey Suit ရွေးချယ်ဝတ်ဆင်တာက ပိုပြီး ဆွဲဆောင်မှုရှိရှိ စမတ်ကျစေမှာ ဖြစ်ပါတယ်။

(၅) လီနင် Shirt နဲ့ ဘောင်းဘီတို


Photo : DMARGE

လီနင် Shirt နဲ့ ဘောင်းဘီတို Outfit က ဘယ်တော့မှ မရိုးနိုင်တဲ့ ဖက်ရှင် အတွဲအစပ်တစ်ခု ဖြစ်ပါတယ်။ နွေရာသီစတိုင် တစ်ခုအနေနဲ့ပဲ ဝတ်ဝတ် ၊ ဟိုနားဒီနား ထသွားထလာ ပေါ့ပေါ့ပါးပါး ဖက်ရှင်တစ်ခုအနေနဲ့ပဲ ဝတ်ဝတ်အဆင်ပြေဆုံး ဖြစ်ပါတယ်။ ဘောင်းဘီတို ရွေးချယ်တဲ့အခါ ဒူးအထက် အတိုရှိတဲ့ ဘောင်းဘီတိုစတိုင်တွေက အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အဖြူရောင် လီနင် Shirt တွေနဲ့ ဝတ်မယ်ဆိုရင် ကာလာအနုအရင့် စိတ်ကြိုက်ရွေးချယ်ဝတ်ဆင်နိုင်ပြီး အရောင်ရင့်ရင့် လီနင် Shirt တွေဝတ်မယ်ဆိုရင်တော့ အရောင်အနုဖက်သွားတဲ့ ဘောင်းဘီတိုတွေနဲ့ စတိုင်ကျကျ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Featured Photo : DMARGE