အမြဲတစေ ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ် ကမ္ဘာကြီးမှာ ဘက်ပေါင်းစုံကနေ စိတ်ဝင်စားစရာတွေ များပြားလာတဲ့ အတွက် ကျွန်တော်တို့ရဲ့ ဦးနှောက်က ဗဟိုအလုပ်တစ်ခုအပေါ်မှာ အာရုံစူးစိုက်ဖို့ ခက်လာပါတယ်။ ဒါ့အပြင် တစ်ခါတစ်လေမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွင်းမှာတောင် အာရုံစူးစိုက်နိုင်ခြေ လျော့နည်းလာပြီး အာရုံပျံ့လွင့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ အာရုံမစူးစိုက်နိုင်ခြင်းက တကယ်ကို ကြီးမားတဲ့ အနှောင့်အယှက်ပါပဲ။ ဒီလို အာရုံပျံ့လွှင့်မှုတွေက ကွီးတို့အတွက် လုပ်ငန်းဆောင်တာတွေကို အချိန်မီမပြီးမြောက်ခြင်းနဲ့ စိတ်အနှောင့်အယှက်များ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်မှု ကောင်းစေဖို့ အကြံပြုချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။
အာရုံပျံ့လွင့်မှု ဖြစ်ပေါ်စေတဲ့ အရာတွေကို ဖယ်ရှားပါ
Photo : Flex Jobs
လုပ်ငန်းခွင်မှာ အာရုံစူးစိုက်နိုင်မှု နည်းခြင်းရဲ့ အဓိကအကြောင်းအရင်းများထဲက တစ်ခုကတော့ ကိုယ့်ရဲ့ အလုပ်စားပွဲ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်ပါတယ်။ ကွီးတို့ရဲ့ အလုပ်စားပွဲနားမှာ ဘယ်အရာက ကွီးတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး အာရုံပျံ့လွင့်နေစေတာလဲဆိုတာ သတိထားကြည့်ပါ။ ဥပမာအားဖြင့် ကွီးတို့ရဲ့ အလုပ်စားပွဲက ဓာတ်လှေကား ဒါမှမဟုတ် ဝင်ပေါက်နဲ့ နီးနေလို့ စိတ်အနှောင့်အယှက် ဖြစ်နေလား။ ဒါမှမဟုတ် ဘေးနားက လုပ်ဖော်ကိုင်ဖက်ကြောင့်လား စတဲ့ အကြောင်းအရင်းကို ရှာဖွေပြီး ညှိနှိုင်းဖြေရှင်းကြည့်ပါ။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဖုန်းက ကိုယ့်အနားမှာရှိနေတာကြောင့် ဖုန်းကို ခဏခဏကြည့်မိနေတာမျိုးဆိုရင် ဖုန်းကို ကိုယ်နဲ့ဝေးတဲ့နေရာ ဒါမှမဟုတ် အံဆွဲထဲ ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အလုပ်ကို အာရုံစူးစိုက်မှု ပြန်ရရှိနိုင်ပါတယ်။
To Do List လုပ်ပါ
Photo : Forbes
ကွီးတို့မှာ များပြားသောအလုပ်တွေ ရှိနေကာ ဘာကိုစတင်လုပ်ရမှန်း မသိတာကလဲ အာရုံထွေပြားမှုကို ဖြစ်စေပြီး အလုပ်တွေကို နှောင့်နှေးမှု ဖြစ်စေပါတယ်။ ဒါ့ကြောင့် လုပ်စရာစရာရှိတာများကို တစ်ခုချင်းစီ အရေးပါမှုစာရင်းအလိုက် အဆင့်သတ်မှတ်ပြီး လုပ်စရာစာရင်းတစ်ခုကို ဖန်တီးလိုက်ပါ။ ဒီလိုလုပ်ခြင်းက ကွီးတို့ကို တစ်ကြိမ်လျှင် အလုပ်တစ်ခုကို အာရုံစူးစိုက်စေနိုင်ပြီး အလုပ်များကိုလည်း နည်းလမ်းတကျနဲ့ လုပ်ဆောင်စေနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အလုပ်ပြီးမြောက်မှုလည်း မြန်ပါစေလိမ့်မယ်။
တရားထိုင်ပါ
Photo : Men’s Yoga Journal
အာရုံစူးစိုက်မှုကောင်းစေဖို့ တရားထိုင်ခြင်းကလည်း အကောင်းဆုံး အလေ့အကျင့်တစ်ခုပါပဲ။ ဒါ့အပြင် တရားထိုင်ခြင်းက ကွီးတို့ရဲ့ မှတ်ဉာဏ်စွမ်းအားကိုလည်း တိုးတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် မနက်စောစော ဖြစ်စေ၊ ညဘက်ဖြစ်စေ အချိန်အနည်းငယ်ယူပြီး တရားထိုင်တာကို ပြုလုပ်ကြည့်ပါ။ တရားထိုင်တာအပြင် ယောဂကျင့်ခြင်းကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။
တိတ်ဆိတ်သော နေရာမှာ အလုပ်လုပ်ပါ
Photo : Optimum ABQ
လုပ်ငန်းခွင်မှာ အာရုံစူးစိုက်မှုမရှိတာက တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ဆူညံသံတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ရွေးချယ်နိုင်ရင် တစ်ဦးတည်း ဒါမှမဟုတ် တိတ်ဆိတ်သော နေရာတွင် အလုပ်လုပ်ပါ။ ဒီလိုလုပ်တဲ့အခါမှာ အာရုံစူးစိုက်မှု ပိုမိုတိုးတက်ကောင်းမွန်စေပြီး အလုပ်များ ပိုမိုပြီးမြောက်နိုင်ပါလိမ့်မယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
Photo : Men’s Journal
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက ကျွန်တော်တို့ရဲ့ ဦးနှောက်ကို နှိုးဆွပေးပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းနေစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းက မှတ်ဉာဏ်စွမ်းရည်နှင့် အာရုံစူးစိုက်မှု အားလုံးကို တိုးတက်စေပါတယ်။ ဒါ့အပြင် ကွီးတို့အား စိတ်အားထက်သန်မှု ရှိစေရန်နဲ့ လုပ်ငန်းခွင်မှာ အားအပြည့်နဲ့ လုပ်ကိုင်နိုင်အောင် အပိုစွမ်းအားကိုလည်း ဖြည့်တင်းပြီးသား ဖြစ်စေပါတယ်။ ဒါ့ကြောင့် အလုံးစုံသော ကျန်းမာရေးနဲ့ အာရုံစူးစိုက်မှုကောင်းစေဖို့ တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
ခဏ အနားယူပါ
Photo : Entrepreneur
အလုပ်တွေကို မှန်မှန်ပြီးအောင်လုပ်ဖို့က အရေးကြီးပေမယ့် ကွီးတို့ရဲ့ စိတ်ကို အားပြန်ဖြည့်ဖို့နဲ့ အပန်းဖြေဖို့ အချိန်ပေးတာက စိတ်ကျန်းမာရေးအတွက် များစွာအကျိုးရှိပြီး အာရုံစူးစိုက်မှုကောင်းဖို့အတွက်လည်း အထောက်အကူပြုစေပါတယ်။ အလုပ်များနေပြီး အာရုံမစိုက်နိုင်တော့ပါက အလုပ်စားပွဲနဲ့ ဝေးရာကို လျှောက်သွားပြီး ခဏအနားပေးလိုက်ပါ။ ဒီလို အာရုံလွှဲလိုက်ခြင်းက အလုပ်စားပွဲမှာ ပြန်ထိုင်တဲ့အခါ အာရုံစူးစိုက်မှုကို ပြန်လည်တိုးတက်ကောင်းမွန်စေပါတယ်။
အိပ်ရေးဝအောင်အိပ်ပါ
Photo : BeSpphro
အိပ်ရေးဝအောင်အိပ်စက်ခြင်းက လူတစ်ယောက် စိတ်ရော ကိုယ်ပါကျန်းမာဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ တစ်ညကို အနည်းဆုံး ရှစ်နာရီလောက် အိပ်တာက အလုပ်ရောက်တဲ့အခါ ကွီးတို့ရဲ့ အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပေးစွမ်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။ အိပ်ရေးဝဝအိပ်စက်ခြင်း မရှိပါက လန်းဆန်းတတ်ကြွမှုမရှိဘဲ ကွီးတို့ရဲ့ လုပ်ငန်းဆောင်တာများကိုလည်း သေချာလုပ်ကိုင်နိုင်မှာ မဟုတ်ပါဘူး။ တစ်ဖက်တွင်မူ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း ကွီးတို့အား သတိရှိရှိနှင့် နိုးကြားစေပြီး လန်းဆန်းစေပါတယ်။
တစ်ချိန်တည်းတွင် အလုပ်တစ်ခုကိုသာ အာရုံစိုက်ပါ
Photo : Greator
တစ်ချိန်မှာ အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက် လုပ်ဆောင်ခြင်းက ကွီးတို့ရဲ့ အာရုံထွေပြားနိုင်ခြေကို လျော့နည်းစေပါတယ်။ အလုပ်များစွာကို တစ်ပြိုင်နက်လုပ်မည့်အစား တစ်ကြိမ်လျှင် အရာတစ်ခုကို တက်ကြွစွာလုပ်ဆောင်ပါ။ အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်ဆောင်ခြင်းက ကွီးတို့ရဲ့ အလုပ်အရည်အသွေးနဲ့ အာရုံစိုက်မှု အပိုင်းကို မြှင့်တင်ပြီးသား ဖြစ်စေပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ လုပ်ငန်းခွင်မှာ ကွီးတို့ရဲ့ အာရုံစူးစိုက်မှု ရှယ်ကောင်းစေဖို့ ကူညီပေးနိုင်တဲ့ နည်းလေးတွေပဲ ဖြစ်ပါတယ်။ အာရုံတွေ ပျံ့လွင့်နေပြီး ထင်သလောက် အလုပ်မပြီးရင် ဒီနည်းလေးတွေ သုံးကြည့်ဗျာ။
Source : Indeed
Featured Photo : Recovery