လေးစား ပါတယ် (Respect ) ဆိုတဲ့ စကားဟာ အလိုအလျောက် ရလာတဲ့အမျိုး မဟုတ်ပါဘူး။ လေးစားမှုနဲ့ ထိုက်တန်အောင် အားထုတ်ရသလို နေထိုင်ပြုမူရပါတယ်။ လေးစား ခံရမှု ဆိုတာ လူ ရဲ့ အခြေခံတန်ဖိုးတွေထဲက တစ်ခုဆိုရင် မှားမှာ မဟုတ်ပါဘူး။ လူဟာ သူ့ကို အသိအမှတ်ပြုဖို့ လေးစားလာဖို့ တစ်နည်းနည်းနဲ့ လုပ်ဆောင်တတ်ပါတယ်။

သာမန်လူတစ်ယောက်အဖို့ ကိုယ့်အသိုင်းအဝိုင်းထဲမှာ လေးစားခံရတာဟာ ချီးကျူးစရာတစ်ခု ဖြစ်သလို ဦးဆောင်မှုပြုနေရတဲ့ ခေါင်းဆောင်တစ်ယောက်အဖို့ အများရဲ့ လေးစားခံရခြင်းဟာ အောင်မြင်မှုတစ်ခုပါပဲ။ လေးစားပါတယ်လို့ ပြောခြင်းဟာ လူတစ်ယောက်ကို သူ့ရဲ့ ကိုယ်ကျင့်တရား ၊ လုပ်ရည် ကိုင်ရည် ၊ ဉာဏ်ရည်ဉာဏ်သွေး ၊ ဆုံးဖြတ်နိုင်စွမ်း နဲ့ ထူးခြားတဲ့ စွမ်းအားတစ်ခုခုကို အသိအမှတ်ပြုလိုက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လေးစားခံရမှု ဆိုတာ လူရဲ့ အခြေခံစံတန်ဖိုးတစ်ခုလို့ ပြောတာ ဖြစ်ပါတယ်။ လေးစားခံရဖို့အတွက် လူတွေဟာ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းတတ်ကြပါတယ်။ ဒီထဲမှာ လူမှု စီးပွားရေး ပညာရေး နဲ့ နိုင်ငံရေး အပါအဝင် နယ်ပယ်အသီးအသီးက လေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဆီမှာ တွေ့ရတဲ့ အမူအကျင့်တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) တည်ငြိမ်ပါ

Business man

Photo: Pexels

ဘယ်လောက် ခက်ခဲပြီး လှိုင်းထန်လေထန်တဲ့ အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စိတ်နဲ့ ကိုယ်ကို သိမ်မွေ့ယဉ်ကျေးအောင် ထိန်းကျောင်းနိုင်သူဟာ ချီးကျူးလေးစားထိုက်သူပဲ ဖြစ်ပါတယ်။ မိသားစုနဲ့ပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ပဲ ဆုံဆုံ နောက်ဆုံး စူပါမားကတ်မှာ ဈေးဝယ်တာအထိ လှုပ်ရှား ပြောဆို နေထိုင်သွားမှုတွေမှာ ယဉ်ကျေးမှု ၊ တည်ငြိမ်ပြီး ဣန္ဒြေရှိမှုတွေနဲ့ ပြောဆို ဆက်ဆံတတ်အောင် ကြိုးစားကြည့်ပါ။ ယဉ်ကျေးခြင်းဟာ အဆင့်မြင့်ခြင်း တစ်ခုပဲ ဖြစ်ပြီး ကိုယ်ရောစိတ်ပါ တည်ငြိမ်မှုကတော့ ထူးကဲတဲ့စွမ်းအားတစ်ခုလို့ ဆိုနိုင်ပါတယ်။

(၂) လေးစားမှုနဲ့ တုံ့ပြန်ပါ

Handshake

Photo: Pexels

ကိုယ့်ကို မလေးမစား အမူအရာနဲ့ ဆက်ဆံလာသူကိုတောင် လေးစားမှုထားပြီး ဆက်ဆံလာနိုင်ပြီဆိုရင် လူကြီးလူကောင်းဖြစ်လာပြီ လို့ ပြောနိုင်ပါတယ်။ လေးစားမှု နဲ့ တုံ့ပြန်တယ်ဆိုရာမှာ ကိုယ် သဘောမတူတဲ့ အမြင် နဲ့ တင်ပြချက်တွေကို ငြင်းပယ်မယ် ဆိုရင်တောင် တစ်ဖက်သားကို မထိခိုက်ဘဲ အေးအေးလူလူ ရှင်းပြတာမျိုး ဖြစ်ပါတယ်။ ရန်တွေ့လောက်တဲ့ ကိစ္စတွေမှာတောင် လေးစားမှုပြပြီးမှ ရင်ဆိုင်လိုက်တာက သင့်ရဲ့ ကြီးမြတ်မှုကို မွေးယူပျိုးထောင်နေတာပဲ ဖြစ်ပါတယ်။

(၃) နားထောင်တတ်ပါစေ

conversation

Photo: Pexels

နားထောင်တယ် ဆိုတာ သူဘာပြောပြော ပြန်မတုံ့ပြန်တဲ့ အင်းမလုပ် အဲမလုပ် စိတ်မပါ လက်မပါ ဖြစ်နေတဲ့ အခြေအနေ Passive Process မျိုး မဟုတ်ပါဘူး။ တစ်ဖက်သားရဲ့ စိတ်ထဲက အသံကို အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ဖို့အတွက် လိုအပ်သလို မေးခွန်းထုတ်တာ ၊ စကားထောက်တာတွေနဲ့ စိတ်ဝင်တစား အာရုံစိုက်တာတွေ အကုန်လုံးပါဝင်တဲ့ Active Process ဖြစ်ပါတယ်။

စကားကို လက်လွတ်စပယ် မပြောဘဲ အရင်ဆုံး မပြောခင် စဉ်းစားတဲ့ အကျင့် လုပ်တာ ၊ တစ်ဖက်သားနဲ့ အပေးအယူမျှပြီး ထိရောက်တဲ့ မှတ်ချက် နဲ့ ဆိုလိုရင်းကို နားလည်အောင် ကြိုးစားတာမျိုးတွေ လုပ်သွားပါ။ ကိုယ်ပြောချင်တာကိုပဲ ရှေ့တန်းတင်ပြီး ကိုယ်ချည်းပဲ ပြောမနေဘဲ နဲ့ တစ်ဖက်လူကို များများ ပြောအောင် မှန်ကန်တဲ့ မေးခွန်းလေးတွေ အခါအားလျော်စွာ မေးတာမျိုးတွေ လုပ်ပါ။ လူတွေကို ဂရုစိုက်ပြီး လေးစားပြခြင်းဟာ ကိုယ်ကိုယ်တိုင်က လေးစားလောက်တဲ့ လူဖြစ်ကြောင်း သက်သေပြနေတာပဲ ဖြစ်ပါတယ်။

(၄) ဘယ်လို ငြင်းရမလဲ သိပါစေ

Group Conversation

Photo: Pexels

လူ တွေ ရဲ့  လေးစား မှု ခံရဖို့ ဆိုပြီး လူတိုင်းအကြိုက် လိုက်လုပ်စရာ မလိုပါဘူး။ သဘောကောင်းပြမှ လူတွေ ကိုယ့်ကို လေးစားလာမယ်ဆိုတဲ့ အမြင်ရှိရင် ပြန်စဉ်းစားပါ။ ငြင်းစရာရှိတဲ့ ကိစ္စတွေမှာ တစ်ဖက်လူလည်း မနစ်နာ ၊ ကိုယ်လည်း မထိခိုကအောင် အားမနာဘဲ ငြင်းတတ်ပြီလားလို့ ပြန်ကြည့်ပါ။ No ပြောရမယ့် ကိစ္စတွေအတွက် Yes လုပ်ပြီး ခေါင်းငြိမ့်စရာ မလိုပါဘူး။ ကိုယ့်အနေနဲ့ အကောင်းဆုံး ငြင်းနည်းသာ ရှာတတ်ဖို့ လိုပါတယ်။

(၅) ပြောင်းလဲချင်စိတ် ရှိပါ

leader

Photo: Pexels

ပြောင်းလဲခြင်းဟာ ဆင့်ကဲ တိုးတက်လာခြင်းရဲ့ အခြေခံပါပဲ။ ကိုယ်က အများ လေးစားလောက်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ ဘာတွေ ချို့ယွင်းနေတာ ရှိသလဲ ပြန်ဆန်းစစ်ပါ။ အတ္တကြီးနေသလား ၊ ဒေါသလွယ် ပြီး စိတ်မရှည်တဲ့ လူမျိုးလား ၊ တခြားသူတွေကိုရော လေးစားမှု ပြတတ်ရဲ့လား ပြန်သုံးသပ်ကြည့်ပါ။

ကိုယ့်မှာ အားနည်းချက်တွေ ရှိနေရင် ပြင်ပါ။ ပိုပြီး ကောင်းသထက် ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာအောင် ပြောင်းချင်စိတ် မွေးပါ။ Skills သစ်တွေ သင်ပါ။ မလုပ်ဖူးသေးတဲ့ Activities သစ်တွေ စမ်း လုပ်ကြည့်ပါ။ အထူးသဖြင့် ကိုယ့်ရဲ့ အလိုအလျောက် ပြုမူနေမိတဲ့ အပြုအမူ အလေ့အကျင့်တွေ ပြန်ဆန်းစစ်ပါ။ ကိုယ့်ရဲ့ အခြေအနေက တိုးတက်နေသလား ၊ ဆုတ်ယုတ်နေသလား ပုံမှန် အကဲဖြတ်ပါ။ ပိုကောင်းတဲ့ လူ တစ်ယောက် ဖြစ်လာအောင် ပြောင်းမယ်လို့ သံဓိဌာန် ချပါ။

နေ့စဉ် ဘဝပြဿနာတွေကို ရင်ဆိုင်တဲ့အခါမှာ ပိုပြီး ရင့်ကျက်ဖို့ ၊ ပိုတည်ငြိမ်ပြီး အရှည်သဖြင့် မျှော်တွေး ဆင်ခြင်နိုင်ဖို့ ကြိုးစားပါ။ လူ တွေဆီက လေးစားမှု ခံထိုက်သူတစ်ဦး ဖြစ်လာဖို့ဆို အရင်ဆုံး ကိုယ့်ကိုယ်ကို အကောင်းဆုံး တည်ဆောက်ပြီး ကိုယ့်ရဲ့ စိတ်နေသဘောထား နဲ့ ပြုမူဆက်ဆံပုံတွေ အဆင့်မြင့်တင်သွားရမှာ ဖြစ်ပါတယ်။

Featured Photo : Lifehack