ကိုယ့်ရဲ့ သူဌေး (သို့) အထက်လူကြီးတစ်ယောက်ယောက်က ကိုယ့်ရဲ့ အရည်အချင်းကို အထင်သေးနေတာမျိုး၊ ဒါမှမဟုတ် ကိုယ့်ရဲ့ တိုးတက်မှုဖြစ်စဥ်က နှောင့်နှေးနေတာကြောင့် အားမလို အားမရဖြစ်ပြီး မခံချင်အောင် စကားနာထိုးတဲ့အခါမျိုး ကြုံတွေ့ရဖူးပါသလား။ သူတို့က နောက်ဆုံးမှာတော့ ကွီးတို့သည် ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ တစ်ဖက်သတ် မှတ်ယူလိုက်ကြတာမျိုး။ ဒီလိုမျိုး အခက်အခဲတွေ လောကဓံ ရဲ့ ဖိနှိပ်မှု တွေကို ကြုံတွေ့ရတဲ့အခါ လက်မြှောက်အရှုံးပေးကာ ထွက်ပြေးမှာလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ အိပ်မောကျနေတဲ့ ခြင်္သေ့ကြီးကို လှုပ်နှိုးပြီး သူတို့ရဲ့ တစ်ဖက်သတ် ထင်မြင်ချက်တွေက မှားယွင်းကြောင်းကို သက်သေပြမှာလား။
လောကဓံ ရဲ့ ဖိနှိပ်မှု တွေဆိုတာ ပုံသဏ္ဍာန် အမျိုးမျိုးရှိပြီး လူတိုင်း ကြုံတွေ့ရတဲ့ အရာတွေပဲဖြစ်ပါတယ်။ သူက သူဌေးမို့လို့၊ သူက အောင်မြင်နေတဲ့လူမို့လို့ အတားအဆီးများ၊ အခက်အခဲများကို မကြုံတွေ့ရတာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ကြုံတွေ့ရတဲ့ အတားအဆီးများသည် အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ အချို့အတွက်တော့ ဆင်းရဲခြင်းက လောကဓံ ရဲ့ ဖိနှိပ်မှု ဖြစ်နိုင်သလို၊ အချို့အတွက်ကတော့ ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးရခြင်း၊ နာမကျန်းဖြစ်ခြင်း (သို့) ကိုယ် ရွေးချယ်လိုက်တဲ့အလုပ်မှာ အောင်မြင်မှုရရန်အတွက် မနည်းရုန်းကန်နေရခြင်း အစရှိသည်ဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။
ကွီးတို့အတွက်ကတော့ လောကဓံ ရဲ့ ဖိနှိပ်မှု သည် ဘယ်လိုပုံစံရှိပါသလဲ။ ထိုကဲ့သို့ ဖိနှိပ်ခြင်း ခံရတဲ့အခါ အရှုံးပေးလိုက်တော့မှာလား။
အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင်တော့ အရှုံးပေးမယ့်အစား အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ ရင်ဆိုင်ကြည့်လိုက်ပါ။
ဆင်ခြေပေးနေတာတွေ ရပ်လိုက်ပါ
အမြဲတမ်း ဆင်ခြင်ပေးနေတတ်တဲ့သူတစ်ယောက်သည် ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဆင်ခြေပေးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်ပါ။ ဘာ့ကြောင့် ဒီလိုဆင်ခြေမျိုး ပေးနေမိတာလဲ။ ဘယ်လိုမျိုး ပြောင်းလဲနိုင်မလဲ။ အခက်အခဲ၊ အတားအဆီးတွေ ကြားထဲကနေ ဘယ်လိုကြိုးစားရမလဲဆိုတာကို စဥ်းစားပါ။
ကိုယ့်ရဲ့ အမြင်နဲ့ ရှုထောင့်ကို ပြောင်းလိုက်ပါ
ကွီးတို့ရဲ့ အတွေးတွေက ကွီးတို့က ဘယ်သူဘယ်ဝါဆိုတာကို အဓိပ္ပါယ်ဖွင့်ပေးပါတယ်။ ကွီးတို့ရဲ့ စိတ်ထဲမှာ ကျရှုံးမှုကိုသာ မျှော်လင့်ထားရင် မလွဲမသွေ ကျရှုံးမှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဥ်ကို စိတ်ပညာနယ်ပယ်မှာဆိုရင် ကိုယ့်ကိုယ်ကိုယ် နိမိတ်ဖတ်ခြင်းဖြစ်စဥ်လို့ ခေါ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင်တော့ စကားနောက် တရားပါ ဆိုတဲ့ ဆိုရိုးစကားလေးနဲ့ ဆင်တူပါတယ်။ ကိုယ် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာကို ပြောတာပါ။
ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် မယုံမကြည်ဖြစ်ကာ သံသယ ဝင်နေတဲ့ အတွေးများကို ဖျောက်ဖျက်လိုက်ပါ။ ကိုယ့်ရဲ့ အောင်မြင်နေတဲ့ ပုံစံကို မြင်ယောင်ကြည့်လိုက်ပါ။ ထိုပုံစံအတိုင်း ဖြစ်တည်လာမယ်ဆိုတာ အသေအချာပါပဲ။
ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကြပ်ထားပါ
တစ်ခါတစ်လေမှာ ကိုယ့်စိတ်ကိုယ် အလိုလိုက်ချင်တဲ့ အခိုက်အတန့်မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ အရမ်းပင်ပန်းလာတဲ့အခါမျိုး၊ ကိုယ်ရော စိတ်ပါ မောပန်းလာတဲ့အခါမျိုးမှာ အရာအားလုံးရဲ့ အဝေးဆီသို့ ထွက်ပြေးချင်စိတ်တွေ ပေါ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမယ့်အစား တင်းကြပ်နေတာတွေကို ခဏလောက် ဖြေလျော့ထားလိုက်ပါ။ ခဏတဖြုတ်လောက် အနားယူပြီးရင် လုပ်နေကျအရာတွေကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် အရှေ့က ကြိုးစားထားသမျှအားလုံး သဲထဲရေသွန် မဖြစ်မှာပါ။
ကိုယ့်ရဲ့ အောင်မြင်မှုက ဘယ်လောက်ပဲ သေးငယ်နေပါစေ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပါ
ဒီနေ့အဖို့ သတ်မှတ်ထားတဲ့အရာအားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ပါ။ ကိုယ့်ရဲ့ အောင်မြင်မှုက ဘယ်လောက်ပဲ အသေးအဖွဲလေးပဲ ဖြစ်နေပါစေ၊ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းဖို့ မမေ့ပါနဲ့။ ဒါသည် ကိုယ့်ရဲ့ အောင်မြင်မှုများထဲကနေ ခွန်အား ပြန်လည်သွန်းလောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အားပြန်ဖြည့်လိုက်ခြင်းအားဖြင့် ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်အတွက် ခွန်အားတွေ ရရှိမှာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိသူများနှင့်သာ ခြံရံထားပါ
ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေသည် ကိုယ့်ကို အားတက်အောင်လည်း လုပ်ဆောင်ပေးနိုင်သလို ခွန်အား ယုတ်လျော့အောင်လည်း တွန်းပို့နေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အပေါင်းအပါ သူငယ်ချင်းများကို ရွေးချယ်တဲ့အခါ သေချာရွေးချယ် ပေါင်းသင်းဖို့လိုအပ်ပါတယ်။ ကိုယ့်အရှေ့မှာတော့ ကိုယ့်ကို မျက်နှာချိုသွေးပြီး နောက်ကွယ်မှာတော့ အတင်းတုပ်နေတဲ့ လူတွေ တစ်ပုံကြီးပါ။ ကိုယ် အောင်မြင်မှာကို မလိုလားလို့ ကိုယ့်ကို အားယုတ်အောင် လုပ်နေတဲ့သူတွေလည်း ရှိပါတယ်။ ဘဝမှာ အပေါင်းအသင်းများဖို့ထက် စစ်မှန်တဲ့ မိတ်ဆွေကောင်းတွေ ရှိဖို့က ပိုအရေးကြီးပါတယ်။
ဒီအချက်များက လောကဓံရဲ့ ဖိနှိပ်မှုတွေကို ခုခံပေးနိုင်လိမ့်မယ်လို့ ကွီးတို့ ယုံကြည်ပါသလား။
Source: Betterup
Featured Image: Freepik