King Richard ရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ဆွတ်ခူးသွားတဲ့ ဝီလ်စမစ် အတွက် ၉၄ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲက တကယ့်အကြမ်းစား အမှတ်တရတွေ ဖြစ်ခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့က ကျင်းပသွားခဲ့တဲ့ ၉၄ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ ပွဲစီစဉ်တင်ဆက်တဲ့ အမေရိကန် Stand-Up ဟာသသရုပ်ဆောင် ခရစ္စရော့ခ်ကို ဝီလ်စမစ်က စင်ပေါ်တက်ပါးရိုက်ခဲ့တာပါ။ Best Documentary Feature ဆုအတွက် Questlove ရဲ့ Summer Of Soul ရုပ်ရှင်ဆုပေးပွဲ ကြေညာနေချိန်မှာ ခရစ္စ ရော့ခ်က ခေါင်းတုံးကေ Buzzcut ထားတဲ့ ဝီလ်စမစ်ရဲ့ ဇနီး ဂျာဒါ ပင်ကတ် စမစ်ရဲ့ပုံစံကို ဟာသလုပ်ခဲ့တာပါ။
အစီအစဉ်မှာ မပါတဲ့ ဖောက်ကွက်ပြောသွားတာ ဖြစ်ပြီး ဒီထဲမှာ “ဂျာဒါ ၊ ချစ်တယ်နော်။ G.I.Jane 2 မှာ ဒါကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူး” လို့ ပင်ကတ်စမတ်ရဲ့ အသွင်အပြင်နဲ့ ပတ်သက်ပြီး ရော့ခ်က ပြောသွားပါတယ်။ အစတော့ ဝီလ်စမစ်လည်း ပရိသတ်နဲ့ အတူ လိုက်ရယ်ပြီး စင်ပေါ် အသာအယာ တက်သွားခဲ့ပြီး ရော့ခ်ကို တီးထည့်လိုက်တာပါ။
ရော့ခ်လည်း လန့်ဖျပ်သွားပြီး “ဝိုး ဝီလ်စမတ်က ငါ့သောက်ခွက် ဖြတ်ရိုက်သွားပြီ။ ကျွန်တော်က ဟာသလုပ်တာပါ” လို့ ပြောပါတယ်။ ရော့ခ်ကို တွယ်ပြီး ကိုယ်ခုံကိုယ် ပြန်လာတဲ့နောက်မှာလည်း အခဲမကြေသေးတဲ့ ဝီလ်စမစ်က ရော့ခ်ကို လှမ်းဆဲပါတယ်။ အဲ့ဒီအချိန်မှာ မိုက်တွေ ပိတ်ထားလို့ အသံမကြားရပေမယ့် “ဟေ့ကောင် မင်းသောက်ပါးစပ်က ငါ့မိန်းမနာမည်ထွက်မလာအောင် ပိတ်ထား”လို့ ပြောကြောင်း ပြန်ကြားရပါတယ်။
ပရိသတ်တွေ ကြက်သေသေနေချိန်မှာ ဒီစကားကိုပဲ ဝီလ်စမစ်က ဆက်ပြောပါတယ်။ နောက်တော့ Best Actor ဆုလက်ခံဖို့ စင်ပေါ်တက်လာချိန်မှာ အကယ်ဒမီအဖွဲ့ကို ဝီလ်စမစ်က ဒီဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပေမယ့် ရော့ခ်ကိုတော့ တောင်းပန်တာမျိုး မလုပ်ခဲ့ပါဘူး။ သတင်းတွေအရ ရော့ခ်ဟာ စမစ်ကို တောင်းပန်ဖို့ ချဉ်းကပ်ခဲ့ပြီး မင်းသားကြီး ဒန်ဇဲလ်ဝါရှင်တန်ပါ ဝင်ပြီး ပြောကူခဲ့ရတယ်လို့ ဆိုပါတယ်။
Photo: independent
ဝီလ်စမစ်ကလည်း ဒန်ဇဲလာပြီး “မင်းအမြင့်ဆုံး ရောက်နေတဲ့အချိန်မှာ နတ်ဆိုးက မင်းအနားရှိနေတဲ့ အချိန်ဖြစ်လို့ ဂရုစိုက်ဖို့” ပြောသွားကြောင်း ပြောပါတယ်။ စမစ်ဟာ King Richard ရုပ်ရှင်မှာ ဗီးနပ်စ်နဲ့ ဆီရီနာဝီလျံစ် တင်းနစ်မယ်တို့ရဲ့ ဖခင် ရစ်ချတ်နေရာကနေ သရုပ်ဆောင်ပြီး Best Actor အကယ်ဒမီဆု ပထမဆုံးအကြိမ် ရခဲ့တာပါ။ ဒီအရင်က သူဟာ Ali ( ၂၀၀၂) နဲ့ The Pursuit Of Happyness (၂၀၀၆) ရုပ်ရှင်တွေမှာ အကယ်ဒမီဆန်ကာတင်ဆု နှစ်ကြိမ် ဝင်ခဲ့ပါတယ်။
ဒီနှစ် ဟောလီဝုဒ်အကယ်ဒမီဆုပေးပွဲမှာ ပေးသွားတဲ့ ဆုတွေအနေနဲ့ Best Picture: “CODA” ၊ Best Actress: Jessica Chastain, “The Eyes of Tammy Faye” ၊ Best Actor: Will Smith, “King Richard” ၊ Best Director: Jane Campion, “The Power of the Dog” ၊ Best Original Song: “No Time to Die” ၊ Best Documentary Feature: “Summer of Soul” ၊ Best Adapted Screenplay: “CODA” ၊ Best Original Screenplay: “Belfast” ၊ Best Costume Design: “Cruella” ၊ Best International Feature: “Drive My Car” ၊ Best Supporting Actor: Troy Kotsur, “CODA” ၊ Best Animated Feature: “Encanto” ၊ Best Visual Effects: “Dune” ၊ Best Cinematography: “Dune” ၊ Best Supporting Actress: Ariana DeBose, “West Side Story” ၊ Best Film Editing: “Dune” ၊ Best Score: “Dune” ၊ Best Sound: “Dune” ၊ Best Production Design: “Dune” ၊ Best Makeup and Hairstyling: “The Eyes of Tammy Faye” ၊ Best: Documentary (Short Subject): “The Queen of Basketball.” ၊ Best Short (Animated): “The Windshield Wiper.” နဲ့ Best Short Film (Live Action): “The Long Goodbye.” တို့က အသီးသီး ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
Featured Photo : NBC News