အာဟာရပြည့်ဝတဲ့ အစားအသောက် တွေက ကျွန်တော်တို့ရဲ့ ခံနိုင်ရည်နဲ့ သက်လုံ စွမ်းအား အပေါ် တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာ သိပြီးပြီလား။ အချို့ရက်တွေမှာ ပင်ပန်းနွမ်းနယ်ပြီး မလှုပ်ချင်မကိုင်ချင် Energy နည်းနေသလို ခံစားဖူးကြမှာပါ။ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ကို ပင်ပန်းနွမ်းနယ်ပြီး အားမရှိသလို မောပန်းနေတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါဟာ တစ်နေ့တာ စားသုံးတဲ့ အာဟာရပမဏနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အစားအသောက် အားလုံးနီးပါးဟာ စွမ်းအင်ကိုထုတ်ပေးတယ်ဆိုပေမယ့် မျှတမှုရှိရှိနဲ့ အာဟာရ ပြည့်ဝအောင်စားသုံးပေးဖို့ လိုပါတယ်။ ဒါမှလည်း သဘာဝအတိုင်း ခံနိုင်ရည်နဲ့ သက်လုံစွမ်းအားကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။ အခုပြောပြပေးမှာကတော့ သက်လုံနဲ့ ခံနိုင်ရည်စွမ်းအားကို ပိုကောင်းစေဖို့ စားသုံးပေးသင့်တဲ့ အစားအစာတွေ အကြောင်းပါ။
(၁) ငှက်ပျောသီး
Photo : Medical News Today
ငှက်ပျောသီးမှာပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ကုန်ကျစရိတ်သက်သာတဲ့ စွမ်းအင်ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ငှက်ပျောသီးကို ကာဘိုဟိုက်ဒရိတ်အရင်းအမြစ်အဖြစ် စားသုံးပေးမယ်ဆိုရင် ကိုယ်ခံအားနဲ့ သက်လုံ စွမ်းအားကို တိုးမြင့်စေနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်ခင်မှာ စွမ်းအင်ပြည့်ဝနေစေဖို့ ငှက်ပျောသီးကို စားနိုင်သလို ပင်ပန်းနွမ်းနယ်သလို ခံစားနေရချိန်တွေမှာလည်း ငှက်ပျောသီးကအကောင်းဆုံး ဖြည့်စွက်စာ တစ်ခုပါပဲ။
(၂) ကြက်ဥ
Photo : Southern Living
ကြက်ဥဟာ အာဟာရအပြည့်ဝဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကြက်ဥမှာ ဗီတာမင် ၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး တစ်နေ့တာအတွက်လိုအပ်တဲ့ စွမ်းအင်ပမာဏကို ပြည့်ဝစေကာ လေ့ကျင့်ခန်းလုပ်ရာမှာလည်း သက်လုံ စွမ်းအားပိုကောင်းစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါကြောင့် ကြက်ဥကို မနက်ခင်း မနက်စာထဲမှာ မပါမဖြစ် ထည့်စားပေးဖို့ အကြံပြုချင်ပါတယ်။
(၃) ကန်စွန်းဥ
Photo : Florida Times-Union
ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝ ပါဝင်ပါတယ်။ ကန်စွန်းဥ ၁၀၀ ဂရမ်ခန့် စားမယ်ဆိုရင် စွမ်းအင် ၈၆ ကီလိုကယ်လိုရီ ၊ ကာဗိုဟိုက်ဒရိတ် ၂၀ ဂရမ် ၊ ပရိုတင်း ၂ ဂရမ်နဲ့ အမျှင်ဓာတ် ၃ ဂရမ်တို့ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာပါတဲ့ မန်းဂနိစ်ဓာတ်က ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေပြီး စွမ်းအင်ပိုမိုရရှိစေဖို့ ကူညီပေးပါတယ်။
(၄) အုတ်ဂျုံ
Photo : www.self.com
အုတ်ဂျုံ (Oatmeal) ဟာ အချိန်ကြာကြာ ဗိုက်ပြည့်နေစေမယ့် အကောင်းဆုံး အစေ့အဆန်တစ်မျိုး ဖြစ်ပါတယ်။ အုတ်ဂျုံ (Oatmeal) မှာတဲ့ Beta-glucan နဲ့ Amylose ဓာတ်က ဂလူးကို့စ်ထုတ်လွှတ်မှုကို နှေးကွေးစေပါတယ်။ ၎င်းတို့က ဂလူးကို့စ် ညီမျှဖို့အတွက်သာမက သက်လုံ စွမ်းအားကို တိုးမြင့်စေတဲ့အပြင် စွမ်းအင်ကိုလည်း ကြာရှည်စွာ ထိန်းထားပေးစွမ်းနိုင်ပါတယ်။
(၅) Green Tea
Photo : Zen Dental Center
Green Tea ကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး သောက်စရာတစ်မျိုး ဖြစ်ပါတယ်။ Green Tea မှာ L-theanine ပါဝင်ပြီး ၎င်းအမိုင်နိုအက်ဆစ်ဓာတ်က စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချပေးပါတယ်။ လေ့လာမှုတစ်ခုအရ Green Tea ဟာ ခံနိုင်စွမ်းအားနဲ့ သက်လုံ စွမ်းရည်ကို တိုးမြင့်စေတဲ့အတွက် လေ့ကျင့်ခန်း မလုပ်ခင် သောက်သုံးပေးသင့်တဲ့ အကောင်းဆုံး Pre-Workout Drink တစ်ခု ဖြစ်ပါတယ်။
Featured Photo : MensXP