သကြားဓါတ်ကို ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ထက် ပိုစားသုံးမိတဲ့အခါ ကိုယ်တွင်းအင်္ဂါပျက်စီးမှု‌တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ သကြားဓါတ်ပို လျှံနေလားဆိုတာသိဖို့ ခက်ခဲပါတယ်။ လူအများစုက ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုမလုပ်ဘဲ သကြားအလွန်အကျွံစားနေမှန်း မသိနိုင်ကြပါဘူး။ ဒါပေမယ့် သကြားဓါတ် အလွန်အကျွံ စားမိနေခြင်းရဲ့ အမြင်သာဆုံး အချက်ပြ လက္ခဏာတွေကတော့ လည်ပင်းမှာ Skin Tags လို့ခေါ်တဲ့ အသားပိုတွေ ထွက်တာ ၊ ချိုင်းကြား ၊ ‌ပေါင်ခြံ ၊ လည်ပင်း ၊ နဖူးနေရာတွေမှာ အရေပြား မဲညစ်တာ ၊ ကာဗိုဟိုက်ဒရိတ် သို့မဟုတ် သကြားဓါတ် အလွန်အကျွံပါဝင်တဲ့ အစားအစာတစ်ခု စားပြီးပြီးချင်းမှာ အိပ်ငိုက်တာ ၊ မကြာခဏ ရေငတ်တာ ၊ ဆီးသွားတာတွေ ဖြစ်တက်ပါတယ်။ ဒါ့ထက်ပိုပြီး သကြားဓါတ် လွန်ကဲခြင်းကို သိနိုင်မယ့် လက္ခဏာ တွေနဲ့ နောက်ဆုံးတွဲ ကျန်းမာရေးပြဿနာတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန်တက်စေတယ်


Photo : Tarpon Interventional Pain & Spine Care

ကိုယ်အလေးချိန်တိုးခြင်းက အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် ခန္ဓာကိုယ်မှာ သကြားဓါတ်များနေရင်တော့ ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေက သကြားဓါတ် ပါဝင်မှုများတဲ့အတွက် သွေးကြောထဲက ပိုနေတဲ့သကြားတွေကို ရှင်းထုတ်ဖို့ ခန္ဓာကိုယ်က မလုပ်နိုင်တဲ့အခါ အဆီအဖြစ် သိမ်းဆည်းထားလိုက်မှာပါ။ ဒါ့ကြောင့် သကြားစားသုံးမှုနဲ့ ကိုယ်အလေးချိန်တက်တာက ဆက်စပ်နေတာ ဖြစ်ပါတယ်။

(၂) သွားတွေကို ပျက်စီးစေတယ်

Photo : Highlands Ranch Dental Group

သွားပိုးစားခြင်းကိုကာကွယ်ဖို့ ပုံမှန်သွားသန့်ရှင်းရေးက အလွန်အရေးကြီးသော်လည်း သကြားဓါတ် ကတော့ သွားများကိုပျက်စီးစေတုန်းပါပဲ။ စေးကပ်တဲ့သရေစာတွေက စားပြီးတာနဲ့ သွားကြွေလွှာပေါ်မှာ ကြာရှည်တွယ်ကပ်နေနိုင်တာဖြစ်ပြီး သကြားတွေ သွားပေါ်မှာ အချိန်ကြာကြာပိုကပ်လေ ပိုပျက်စီးနိုင်လေပါပဲ။ ဒါကြောင့် သွားပိုးစားခြင်းကလည်း သကြားအလွန်အကျွံ စားမိနေခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။

(၃) ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တယ်

Photo : iHerb.com

လေ့လာချက်တွေအရ သကြားစားသုံးခြင်းဟာ သင့်ခန္ဓာကိုယ်မှ ရောဂါတိုက်ဖျက်နိုင်တဲ့နည်းလမ်းတွေကို အနှောင့်အယှက်ပေးနိုင်ကြောင်း သုတေသီတွေက ဖော်ပြထားပါတယ်။ ဘက်တီးရီးယားနဲ့ မှိုတွေက သကြားဓါတ်ကို ကြိုက်တာကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဂလူးကို့စ် ပိုလျှံမှုက ဒီသက်ရှိများကို တိုးပွားစေပြီး ရောဂါပိုးတွေ ဖြစ်စေနိုင်ပါတယ်။

(၄) တခြား အာဟာရဓါတ်တွေအစား နေရာယူတယ်

Photo : Unsplash

USDA ဒေတာအရ သကြားအများဆုံးစားသုံးသူတွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ အထူးသဖြင့် ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် B-12 နဲ့ ကယ်လ်စီယမ် စားသုံးမှုတွေမှာ အနည်းဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် သကြားအများဆုံးစားသုံးပြီး အာဟာရဓါတ်အများဆုံးလိုအပ်တဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာဆိုရင် သကြားစားခြင်းကြောင့် တခြားလိုအပ်တဲ့ အရေးကြီးအစာအာဟာရ စားသုံးမှုတွေမှာ နည်းသွားတဲ့အတွက် ခန္ဓာကိုယ်အတွက် ပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။

(၅) နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်

Photo : Eat This, Not That

JAMA Internal Medicine မှာ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သကြားဓါတ်များတဲ့ အစားအစာစားသုံးမှုကြောင့် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။ လေ့လာမှု ၁၅ နှစ်တာကာလအတွင်း သကြားဓါတ် ကယ်လိုရီ ၁၇ ရာခိုင်နှုန်း မှ ၂၁ ရာခိုင်းနှုန်း စားသုံးသူတွေက သကြား ၈ ရာခိုင်နှုန်းပဲ စားသုံးသူများနဲ့ နှိုင်းယှဉ်လိုက်ရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် သေဆုံးနိုင်ခြေ ၃၈ ရာခိုင်နှုန်း ပိုများနေပါတယ်။ အခြေခံအားဖြင့် သကြားများများစားလေ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများလေလေလို့ ဆိုပါတယ်။

Featured Photo : Marcia Sirota – Medium