ရခဲလှတဲ့ လူ့ဘဝမှာ လူတိုင်း အသက်ရှည်ကျန်းမာစွာ နေထိုင်ချင်ကြတာချည်းပါပဲ။ သို့သော်လည်း ကျန်းမာရေး နဲ့ ညီညွတ်စွာ နေထိုင်စားသောက်ခြင်းမရှိရင် အသက်ရှည်ကျန်းမာဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ သိရဲ့သားနဲ့ ပြုလုပ်နေတဲ့ အလေ့အကျင့်တွေက ကျွန်တော်တို့ရဲ့ အသက်ကို နှုတ်ယူသွားနိုင်တဲ့ တရားခံတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလို ကျန်းမာရေးအတွက် မကောင်းတဲ့ အလေ့အကျင့်တွေကို အချိန်မီ မပြင်ဆင်ရင်တော့ နောင်မှ နောင်တရလည်း နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်တို့ ချက်ချင်းပြင်ဆင် ရပ်တန့်ပစ်ရမယ့် အလေ့အကျင့်ဆိုးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ရေကိုလုံလောက်စွာ မသောက်ခြင်း
Photo : Gallagher Bassett
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ရေဓာတ်ဖြင့် ဖွဲ့စည်းထားတောကြောင့် ရေသောက်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို အထောက်အကူပြုနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ရေဓါတ်အပြည့်ရှိမယ်ဆိုရင် မှတ်ဉာဏ်ကို ကောင်းစေပါတယ်။ အရေပြားကို အေးမြ စိုပြေစေပါတယ်။ ကိုယ်တွင်း အဆိပ်အတောက်တွေကို ကျောက်ကပ်မှတဆင့် ဖယ်ထုတ်ခြင်းကို ကူညီပေးပါတယ်။ ကြွက်သားနှင့်အရိုးအဆစ်တွေ ကောင်းစွာ အလုပ်လုပ်အောင်ကူညီပေးပါတယ်။ လူတစ်ယောက်အနေနဲ့ ရေကို နေ့စဉ် လိုအပ်တဲ့ ပမာဏမသောက်သုံးဖူးဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ရေသောက်နည်းတဲ့ အလေ့ကျင့်ရှိရင် ခုချက်ချင်းပြင်ပါ။
ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
Photo : Happier Human
ဒီနေ့ခေတ်အခြေအနေအရ လူတော်တော်များများက အထိုင်များပြီး လှုပ်ရှားမှု နည်းလေ့ရှိပါတယ်။ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကြောင့် လေးလံထိုင်းမှိုင်းကာ အဝလွန်နိုင်ခြေ များပါတယ်။ အဝလွန်ခြင်းက အခြားသော ကျန်းမာရေးဆိုးကျိုးများနဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို တိုးစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ပေးပါ။
ဆား အလွန်အကျွံစားသုံးခြင်း
Photo : Daily Sabah
ကွီးတို့က အစားအစာနဲ့ ဟင်းလျာတွေကိုစားရင် လေးလေးပင်ပင်လေးမှ ခံတွင်းတွေ့လေ့ရှိပါသလား။ ဒါဆိုရင်တော့ ကွီးတို့ ဆားအများကြီး စားမိနေပါပြီ။ ဒါ့အပြင် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အသင့်စားအစားအစာများမှလည်း ဆိုဒီယမ်(ဆား) ပါဝင်မှု များပါတယ်။ ဆားပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသုံးမှု များလာရင် သွေးတိုးရောဂါ၊ နှလုံးရောဂါ နှင့် သွေးတွင်းကယ်လ်ဆီယမ်ဓါတ် နည်းတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ဆားကို တတ်နိုင်သလောက် လျှော့စားပါ။
အိပ်ရေးပျက်တာများခြင်း
Photo : Harvard Health
အခုခေတ်အခြေအနေအရ လူတော်တော်များများ လူကြီးလူငယ်မရွေး၊ ကလေးများအပါအဝင် ညနက်တဲ့အထိ ဖုန်းသုံးခြင်းကြောင့် အိပ်ရေးပျက်တာတွေ အဖြစ်များပါတယ်။ ဒါ့အပြင် အခြားသော အကြောင်းအရာများကြောင့်လည်း ရေရှည်အိပ်ရေးပျက်တာများ ဖြစ်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အိပ်စက်မှုစက်ဝန်းက မှားယွင်းနေတယ်ဆိုရင် အချိန်မီပြင်ဆင်ရပါမယ်။ အိပ်ရေးပျက်တာများရင် စိတ်ရော ကိုယ်ပါ ထိခိုက်နိုင်ပါတယ်။ ရေရှည်အိပ်ရေးပျက်ခြင်းက နှလုံးရောဂါ၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းအပါအဝင် နာတာရှည် ကျန်းမာရေးပြဿနာများစွာနဲ့ဆက်စပ်နေပါတယ်။ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များအရ ညတိုင်း အိပ်ချိန် ၇ နာရီမှ ၈ နာရီအထိ ရှိသင့်ပါတယ်။
အခုဖော်ပြပေးလိုက်တဲ့ အချက်တွေထဲမှာ ကွီးတို့ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး လုပ်မိနေပါသလား။ ဒါဆိုရင်တော့ ချက်ချင်းရပ်တန့်ပစ်ဖို့ လိုပါတယ်။ ဒါတွေကို အချိန်မီ မပြင်ဆင်ရင်တော့ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာများစွာကို ခံစားရနိုင်ပါတယ်။
Source : EatingWell
Featured Photo : Vista Create