ဘာလေးကိုပဲ စားစား အချိုကိုပိုကဲပြီး စားမိပါသလား။ ကွီးတို့နေ့စဉ်စားတဲ့ အစားအစာတွေကို တစ်ချက်လောက် ပြန်သုံးသပ်ကြည့်ရအောင်။ကော်ဖီသောက်ရင်လည်း သကြားများများထည့်သောက်တာတို့၊ ကိတ်မုန့်တွေ၊ အချိုများတဲ့ အစားအစာတွေကို မကြာခဏစားမိတာမျိုး ရှိပါသလား။ ဒါ့အပြင် ယနေ့ခေတ်မှာ အဆာပြေစားနိုင်စေဖို့ များစွာသော အစားအစာများကလည်း အများအပြားရှိနေပါတယ်။ ထိုအစားအစာများမှာ သကြားပိုကဲစွာ ပါဝင်လေ့ရှိပြီး နေ့စဉ်ကယ်လိုရီစားသုံးမှုရဲ့ အချိုးအစားများစွာပါဝင်ပါလေ့ရှိပါတယ်။ အချိုတွေ၊ သကြားတွေကို အနည်းငယ်စားသုံးတာ ဘာမှမဖြစ်သော်လည်းပဲ လွန်ကဲစွာ စားသုံးမိရင် ကျန်းမာရေးအပေါ် ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ ဒီနေ့မှာတော့ အချိုသိပ်ကြိုက်တဲ့ ကွီးတို့ ဆင်ခြင်နိုင်ဖို့ သကြားဓာတ် များများစားသုံးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဝေမျှပေးချင်ပါတယ်။
ခန္ဓာကိုယ် ဝိတ်တတ်လာမယ်
Photo : Revive Medical Center
အချိုများများစားမိနေရင် သိသာထင်ရှားတဲ့ အကျိုးဆက်တစ်ခုကတော့ ခန္ဓာကိုယ် အလေးချိန်တတ်လာတာပဲ ဖြစ်ပါတယ်။ သကြားဓာတ်က လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို ထိခိုက်စေနိုင်ပါတယ်။ အချိုများသော အစားအစာများ၊ သကြားပါဝင်မှုများသော အချိုရည်များ စတာတွေကို အလွန်အကျွံသောက်သုံးမိခြင်းက ခန္ဓာကိုယ်အလေးချိန်ကို တိုးစေပြီး အဝလွန်ခြင်းဆီကို ဦးတည်သွားနိုင်ပါတယ်။
ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ တိုးလာမယ်
Photo : Solv
အချိုစားတာများရင် ဆီးချိုရောဂါ ဖြစ်နိုင်တယ်ဆိုတာ လူတော်တော်များများ သိသော်လည်းပဲ လျစ်လျူရှုထားကြပါတယ်။ ဒါ့အပြင် အချို့သောသူတွေက အချိုများများ စားသုံးခြင်းကို မလျော့ချနိုင်သေးပါဘူး။ ဒါ့အပြင် သကြားဓာတ်ကို ကြာရှည်စွာ စားသုံးခြင်းကလည်း သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးသည့် ပန်ကရိယမှ ထုတ်ပေးသော ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်ကို ခုခံနိုင်စွမ်းရှိစေပါတယ်။ အင်ဆူလင်ကို ခံနိုင်ရည်ရှိခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေပြီး အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ချေကို ပြင်းထန်စွာ မြင့်တက်လာစေပါတယ်။
စိတ်ဓာတ်ကျခြင်းကို ဖြစ်လာစေနိုင်တယ်
Photo : Osler Health
သကြားနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ များများစားသုံးခြင်းက စိတ်ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ သကြားအလွန်အကျွံစားသုံးခြင်းက မှတ်ဥာဏ်ချို့ယွင်းမှု၊ မှတ်ဉာဏ်ပြဿနာများ၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုများကို ဖြစ်ပွားစေနိုင်တာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါက ကွီးတိုငို စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေကို ပိုပြီးတိုးစေနိုင်ပါတယ်။
အသားအရေ အိုမင်းခြင်းကို မြန်မြန်ဖြစ်လာစေနိုင်တယ်
Photo : Bloom Med Spa
အရေးအကြောင်းများက အရေပြားအိုမင်းခြင်းရဲ့ သဘာဝလက္ခဏာတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း အရွယ်မတိုင်မှီ အစားအသောက်ရွေးချယ်မှု မှားယွင်းခြင်းက အရေးအကြောင်းတွေကို ပိုဆိုးလာစေပြီး အသားအရေ အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။ သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်နှင့် သကြားဓာတ်များသော အစားအစာကို အလွန်အကျွံစားသုံးခြင်းက အသားအရေ (အရေပြား) ကို အရွယ်မတိုင်မှီ အိုမင်းစေတယ်လို ဆိုပါတယ်။
နှလုံးရောဂါ ဖြစ်လာနိုင်တယ်
Photo : Family Heart Foundation
အချိုဓာတ်များသော အစားအစာများ တစ်နည်းအားဖြင့် သကြားဓာတ်များသော အစားအစာများ စားသုံးခြင်းက နှလုံးရောဂါအပါအဝင်၊ ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးစေနိုင်တဲ့ ရောဂါများ ဖြစ်ပွားမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ သကြားဓာတ်များသော အစားအစာများက အဝလွန်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်သည့်အပြင် Triglycerides မြင့်မားခြင်း၊ သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်များခြင်း စတာတွေ အားလုံးက နှလုံးအတွက် အန္တရာယ်ဖြစ်စေသော အကြောင်းရင်းများ ဖြစ်ပါတယ်။ ဒါ့အပြင် သကြားများများ စားသုံးခြင်းက နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကို တိုးစေရုံသာမက လေဖြတ်နိုင်ခြေ ကိုလည်း တိုးစေနိုင်ပါတယ်။
အခုဖော်ပြပေးလိုက်တာ အချိုများများ စားသုံးမိရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်တာ၊ ခန္ဓာကိုယ်စွမ်းအင် ကျဆင်းစေတာ စတဲ့ ကျန်းမာရေးပြဿနာတွေလည် ဖြစ်ပွားနိုင်ခြေများပါတယ်။ တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း ဘယ်အရာကိုမှ အလွန်အကျွံ မစားသုံးသင့်ပါဘူး။ ဒါ့ကြောင့် အချိုသိပ်ကြိုက်တဲ့ ကွီးတို့ လည်း သတိလေးထားပြီး သကြားဓာတ်ကို တတ်နိုင်သလောက် လျှော့စားဖို့ တိုက်တွန်းလိုက်ပါတယ်။
Source : Healthline
Featured Photo : Vista Create