လိင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေရဲ့ အဆိုအရ အမျိုးသားတွေမှာ ဖြစ်တက်တဲ့ လိင်တံကျုံ့ခြင်း ပြဿနာဟာ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကြောင့် ဖြစ်တက်သလို နေထိုင်မှု ပုံစံတွေအရလည်း ဖြစ်တက်တယ်လို့ ဆိုထားပါတယ်။ လိင်တံကျုံ့ခြင်းဟာ အခြေအနေတွေ အပေါ်မူတည်ပြီး အချိန်ခဏတာ ယာယီကျုံ့ခြင်းနဲ့ ကုသမှုခံယူဖို့လိုတဲ့ ကာလာကြာရှည် ကျုံ့ခြင်းဆိုပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ လိင်တံကျုံ့ခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေကတော့ ဆီးချို ၊ အဝလွန်ခြင်း ၊ ဆေးလိပ်သောက်ခြင်းနဲ့ အချို့ ဆေးဝါးတွေ မှီဝဲသောက်သုံးခြင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။ အမျိုးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ Testosterone ပမာဏ ကျဆင်းခြင်းဟာလည်း တစ်ခါတစ်ရံ လိင်တံအရွယ်အစားကို ကျုံ့သွားစေနိုင်ပါတယ်။ နောက်ပြီး Peyronie’s ရောဂါလို ကျန်းမာရေး အခြေအနေတွေ ခံစားရခြင်းဟာလည်း လိင်တံအရွယ်အစားကို ပိုကျုံ့သွားစေနိုင်ကြောင်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘယ်အရာတွေ ၊ ဘယ်လိုအခြေအနေတွေက ကွီးတို့ရဲ့ အငယ်ကောင် ဆိုဒ်လေး ပိုပိုသေးသွားစေသလဲဆိုတာ သတိထားဆင်ခြင် နိုင်စေဖို့ ပြောပြပေးပါမယ်။

(၁) အသက်အရွယ်

Aging

Photo : Medical News Today

အသက်အရွယ်အရ အိုမင်းရင့်ရော်လာခြင်းဟာ အဖြစ်များဆုံး သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ တဖြည်းဖြည်းအားနည်းလာပြီး အရိုးအဆစ်တွေရဲ့ သန်မာလာမှုဟာလည်း အားပျော့လာတဲ့ ပြဿနာမျိုးစုံကို ကြုံတွေ့ရတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်မှာ သဘာဝအလျောက်ပြောင်းလဲလာတဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ အမျိုးသားတွေမှာ အသက်အ ရွယ် ကြီးရင့်လာတာနဲ့အမျှ လိင်အင်္ဂါကျုံ့ခြင်း ပြဿနာကြုံတွေ့ခံစားရနိုင်ပြီး ဒါဟာ လိင်တံကျုံ့ခြင်းကို ဖြစ်ပေါ်စေတဲ့ အဖြစ်အများဆုံး သဘာဝဆိုင်ရာ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

(၂) စိတ်ဖိစီး

Stress

Photo : A.Vogel

အငယ်ကောင် အရွယ်အစား ပိုကျုံ့လာစေတာဟာ အဓိကအားဖြင့်တော့ အမျိုးသားတွေရဲ့ လိင်တံကို သွေးစီးဆင်းမှု လျော့ကျစေတာကြောင့် ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေရဲ့ သွေးလည်ပတ်စီးဆင်းမှုကို အနှောက်အယှက် ဖြစ်စေပြီး လိင်တံထောင်မတ်မှုနဲ့ အရွယ်အစားအပေါ် သက်ရောက်မှု ရှိလာစေပါတယ်။ စိတ်ဖိစီးမှုတွေဟာ အမျိုးသားကျန်းမာရေးနဲ့ လိင်မှုဘဝအပေါ် ဆိုးကျိုးအများကြီး သက်ရောက်စေနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို ပိုမိုထိန်းချုပ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါလိမ့်မယ်။

(၃) အဝလွန်ရောဂါ

Obese

Photo : New York Post

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ခန္ဓာကိုယ်အလေးချိန် တိုးလာခြင်း ဒါမှမဟုတ် အဝလွန်ခြင်းဟာလည်း ကွီးတို့ရဲ့ အငယ်ကောင် အရွယ်အစားကို ပိုမိုကျုံ့သွားစေနိုင်ပြီး လိင်မှုဘဝအပေါ် ထိခိုက်မှုတွေ အများကြီး ရှိလာစေနိုင်ပါတယ်။ အမျိုးသားတစ်ယောက်မှာ အဝလွန်လာတာနဲ့အမျှ သက်လုံနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းချက်တွေ ရှိလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းတာ ၊ လိင်အင်္ဂါအရွယ်အစား ပြောင်းလဲလာမှုအပေါ် စိတ်ကျေနပ်မှုမရှိတာ ၊ ကောင်းမွန်ပြည့်ဝစွာ ထောင်မတ်နိုင်ခြင်းမရှိတာ စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လိင်တံကို ကျုံ့သွားစေတာ ၊ ပိုမိုသေးငယ်သွားသယောင် ထင်မှတ်စေတာ ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာ စတဲ့ ပြဿနာတွေ မခံစားချင်ဘူးဆိုရင် ကျန်းမာတဲ့ ခန္ဓာကိုယ်အလေးချိန်ကို အမြဲထိန်းထားသင့်ပါတယ်။

(၄) အချို့သော ဆေးဝါးများ

Medications

Photo : JHU Hub – Johns Hopkins University

အချို့သော ဆေးဝါးမှီဝဲခြင်းတွေကလည်း ကွီးတို့ရဲ့ အငယ်ကောင် အရွယ်အစားကို နဂိုရှိရင်းစွဲထက် ပိုသေးသွားစေနိုင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေရဲ့ ဆံပင်ကျွတ်ခြင်းဆိုင်ရာပြဿနာကို ကုသရာမှာ အသုံးပြုတဲ့ Finasteride လို ဆေးဝါးတွေဟာ လိင်တံအရွယ်အစားနဲ့ စွမ်းဆောင်ရည်အပေါ် အများကြီး ထိခိုက်မှုတွေ ရှိလာစေနိုင်ပါတယ်။ အလားတူ စိတ်ကျရောဂါ ကုသဆေးဝါးတွေ ၊ ဆီးကျိတ်ကြီးခြင်းကို ကုသဖို့အတွက် သောက်သုံးရတဲ့ ဆေးဝါးတွေဟာလည်း လိင်တံကျုံ့ခြင်းကို ကြုံတွေ့ခံစားရနိုင်ပါတယ်။

(၅) ဆေးလိပ်

Smoking

Photo : Verywell Mind

စီးကရက် ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးမှီဝဲခြင်းဟာ ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးအတွက် အတော့်ကို ဆိုးရွားတဲ့ သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ အမှန်မှာ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးနဲ့ လုံးဝညီညွှတ်မှုမရှိတဲ့ အလေ့အထတစ်ခုသာ ဖြစ်ပြီး ခန္ဓာကိုယ်အတွက် ဆိုးရွှားတဲ့ ကျန်းမာရေးပြဿနာ အမျိုးမျိုးကို ဖိတ်ခေါ်နေခြင်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရလည်း စီးကရက် ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဆေးလိပ်သောက်ခြင်းဟာ အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှု ရှိစေနိုင်တယ်လို့ ဖော်ပြထားပြီး လိင်တံကို ကျုံ့သွားစေနိုင်တာကြောင့် ဆေးလိပ်ကို တက်နိုင်သမျှ ရှောင်ရှားဖို့ အကြံပေးချင်ပါတယ်။

(၆) တစ်ကိုယ်ရည် အာသာဖြေမှု

Photo : LADbible

အငယ်ကောင် အရွယ်အစားဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ တော်တော်များများ ပြောကြပါတယ်။ အဓိကအားဖြင့် အချိန်တော်ကြာ တစ်ကိုယ်ရည် အာသာဖြေမှုမလုပ်တာ ဒါမှမဟုတ် လုံးဝ တစ်ကိုယ်ရည် အာသာဖြေမှုမရှိတာဟာ လိင်တံအရွယ်အစားကို ကျုံ့သွားစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီအချက်နဲ့ ပတ်သတ်ပြီး အမှန်တကယ်မှန်ကြောင်း သက်သေပြထားတဲ့ သိပ္ပံဆိုင်ရာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အထောက်အထားသက်သေတွေ မရှိသေးပါဘူး။ ပြောရရင် အရပ်စကားအရသာ ပြောကြတာဖြစ်ပြီး အချို့လူတွေမှာ တစ်ကိုယ်ရည် အာသာဖြေမှုမရှိတဲ့အတွက် အမှန်တကယ် လိင်တံကျုံ့တဲ့ ပြဿနာတွေ ဖြစ်ပေါ်ခံစားရတာကြောင့် ယုံရခက် မယုံရခက်တဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။

Featured Photo : Insider