အဆီပြန် လွန်းတဲ့ ဦးရေပြား ပိုင်ရှင်တွေ အတွက် စိတ်ညစ်စရာ အကောင်းဆုံးကတော့ မနေ့ကပဲ ခေါင်းလျှော်တယ်၊ ဒီနေ့ အဆီပြန်နေခြင်းပဲဖြစ်ပါတယ်။ ဘယ်အချက်တွေက ကွီးတို့ကို အဆီပြန် တဲ့ ဦးရေပြား ပိုင်ရှင်တစ်ယောက်ဖြစ်အောင် တွန်းပို့နေသလဲဆိုတာ သိပါသလား။ ဒီလိုစိတ်ညစ်ရတဲ့ ဒုက္ခကနေ မြန်မြန် မကျွတ်ချင်ဘူးလား။
ဘယ်အရာက ဦးရေပြားကို အဆီပြန်စေသလဲ
ဦးရေပြား အဆီပြန်ရခြင်း အကြောင်းအရင်းများ အများအပြားရှိပါတယ်။ ထိုအချက်များကတော့…
(၁) မကြာခဏ ဆေးဆိုးခြင်း (သို့) မကြာခဏ ဆံပင် အရောင်ချွတ်ခြင်း
(၂) ကိုယ့်ရဲ့ ဦးရေပြားကိုက မွေးရာပါ အဆီပြန်လို့
(၃) နေ့စဥ် ရက်ဆက် ခေါင်းလျှော်လို့
(၄) ကိုယ့် ဦးရေပြားနဲ့ မကိုက်တဲ့ ဆံပင်ထုတ်ကုန် ပစ္စည်းများကို ဝယ်သုံးမိနေလို့
(၅) ရာသီဥတုကြောင့်
အခုဖော်ပြသွားတဲ့အချက်ထဲက ဘယ်အချက်က ကွီးတို့နဲ့ တိုက်ဆိုင်နေသလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ပြီးရင်တော့ အခု ဆက်လက်ဖော်ပြပေးမယ့် ဆံကေသာ ထိန်းသိမ်းနည်းများနဲ့ ဆံကေသာကို ပြန်လည်ထိန်းသိမ်းပေးလိုက်ပါ။
ဆံပင် သေချာ ဖြီးပါ
ကွီးတို့က တစ်နှစ်နေလို့ တစ်ကြိမ်တောင် ဆံပင် ဖြီးဖြစ်ရဲ့လား။ ကွီးတို့က ဆံပင် မဖြီးဘဲ ဘုတ်သိုက်ကြီး ထားထားမယ်ဆိုရင်တော့ ဦးရေပြားက အဆီပြန်တဲ့အခါ ဆံပင်က ခြောက်သွေ့ကြမ်းတမ်းလာပြီး ဆံပင် နှစ်ခွ ဖြစ်တာတွေပါ ကြုံတွေ့ရနိုင်ပါတယ်။ အဲ့ဒီလို အခြေအနေ ဆိုးမသွားဖို့အတွက် ဆံပင် သေချာ ဖြီးပါ။
ခေါင်းလျှော်ရည် ပြောင်းလိုက်ပါ
ကွီးတို့ရဲ့ ဦးရေပြားက အလွန်အမင်း အဆီပြန်နေတယ်ဆိုရင် အခု သုံးနေတဲ့ ခေါင်းလျှော်ရည် အမျိုးအစားကို ပြောင်းသုံးပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ခေါင်းလျှော်ပြီးတဲ့နောက်မှာ Conditioner သုံးပေးဖို့ကိုလည်း မမေ့ပါနဲ့။ Conditioner အသုံးပြုခြင်းအားဖြင့် ကွီးတို့ ဆံပင်က နူးညံ့စိုပြေလာမှာပဲ ဖြစ်ပါတယ်။
မလိုအပ်ဘဲနဲ့ ခေါင်း မလျှော်ပါနဲ့
အချို့တွေက နေ့စဥ်ရက်ဆက်ဆိုသလို ခေါင်းလျှော်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးဘက်ကနေ ကြည့်ရင်လည်း မကောင်းသလို အလှအပ ရေးရာဘက်က ကြည့်ရင်လည်း ဘာမှ အကျိုးမပေးပါဘူး။ ယေဘုယျအားဖြင့် တစ်ပတ်လျှင် ၃ ကြိမ်မှ ၄ ကြိမ်လောက်အထိ ခေါင်းလျှော်ပေးရုံနဲ့တင် လုံလောက်ပါပြီ။
အပူနဲ့ တိုက်ရိုက် မထိတွေ့ပါနဲ့
ခေါင်းလျှော်ပြီးတာနဲ့ပဲ ဆံပင်လေမှုတ်စက်ကို အပူအပြင်းဆုံး ပေးထားပြီး ခေါင်းခြောက်အောင် သုတ်ခြင်းက ကွီးတို့ရဲ့ ဦးရေပြားနဲ့ ဆံကေသာကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ဆံပင် လေမှုတ်မယ်ဆိုရင် အပူ အနည်းဆုံးနဲ့ ဖြည်းဖြည်းချင်းစီ အချိန်ယူကာ အခြောက်ခံပါ။ ဆံပင်လေမှုတ်စက် မသုံးဘဲ သဘာဝလေနဲ့ သူ့အလိုလို အခြောက်ခံတာကတော့ ကွီးတို့ ဆံကေသာနဲ့ ဦးရေပြားအတွက် အကောင်းဆုံးပါပဲ။
ကွီးတို့ရော ကိုယ့် ဦးရေပြားကို ဘယ်လိုမျိုး ဂရုစိုက်လေ့ရှိပါသလဲ။
Source: Us.davines
Featured Image: Freepik