ပါတနာနဲ့ ချစ်တင်းမနှောခင်မှာ လိုက်နာရမယ့် အလေ့အထလေးတွေ ရှိသလို အတူနေ ပြီးချိန်မှာလည်း မမေ့မလျော့ လုပ်ဆောင်ပေးရမယ့် အချက်လေးတွေ ရှိပါတယ်။ သင်ရော သင့်ပါတနာပါ ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ Post-Sex Habits လေးတွေက သိပ်ကို အရေးပါပါတယ်။ ဘာတွေ ဖြစ်မလဲဆိုတာ လေ့လာကြည့်လိုက်ပါဦး။
(၁) ဆီးသွားပေးပါ
Photo : Men’s Health
ချစ်တင်းနှော နေစဉ်အတွင်းမှာ ဆီးလမ်းကြောင်းအတွင်းကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်နိုင်ခြေ များပါတယ်။ ဒါက ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ပြဿနာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း တစ်ခုပါပဲ။ ဒီလို ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်စေဖို့ သန့်ရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကတော့ အတူနေပြီးချိန်မှာ ဆီးသွားတာပါ။ ဆီးသွားလိုက်ခြင်းအားဖြင့် ဆီးလမ်းကြောင်းအတွင်းကို ဝင်ရောက်နေတဲ့ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို ဖယ်ရှားသန့်စင်စေမှာ ဖြစ်ပါတယ်။
(၂) ရှက်ရှက်ကို ဆေးကြောသန့်စင်ပါ
Photo : Verywell Health
အတူနေ ပြီးတဲ့အခါ လိင်အင်္ဂါတွေကို သေချာလေး ဆေးကြောသန့်စင်ပေးဖို့လည်း မဖြစ်မနေ လုပ်ရပါမယ်။ လိင်အင်္ဂါအတွင်းအပြင် ဧရိယာတဝိုက်မှာ ပိုးမွှားတွေ ၊ အညစ်အကြေးတွေ ကပ်တွယ်နေနိုင်တာကြောင့် ကိစ္စပြီးတိုင်းမှာ သန့်ရှင်းရေး လုပ်ပေးဖို့ကိုလည်း မေ့လျော့မနေသင့်ပါဘူး။ သန့်ရှင်းရေးလုပ်တဲ့ အဆင့်မှာ ဂရုတစိုက် လိုက်နာရမှာကတော့ အမွှေးရနံ့ပါတဲ့ ဆပ်ပြာတွေကို မသုံးဖို့နဲ့ ကြက်သီးနွေးရေကို အသုံးပြုပြီး ညင်သာစွာ ဆေးကြောပေးဖို့ အဓိက လိုအပ်ပါတယ်။
(၃) အသုံးပြုပြီးသား ကွန်ဒုံးကို စနစ်တကျ စွန့်ပစ်ပါ
Photo : Verywell Health
ကွန်ဒုံးကို စနစ်တကျ ဝတ်ဆင်အသုံးပြုကြသလို အတူနေ ပြီးချိန်မှာလည်း စနစ်တကျ စွန့်ပစ်ရပါမယ်။ ကွန်ဒုံးအတွင်းက လိင်အင်္ဂါအရည်နဲ့ သုတ်ရည်တို့ ပြင်ပကို ဖိတ်စင်ခြင်းမရှိစေဖို့ ကွန်ဒုံးရဲ့ ထိပ်ပိုင်းကို သေချာလေး ချည်နှောင်ပြီး အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပေးပါ။ အသုံးပြုပြီးသား ကွန်ဒုံးတွေကို အလွယ်တကူ စွန့်ပစ်တာ ၊ အိမ်သာအတွင်း ထည့်လိုက်တာမျိုး မလုပ်မိစေဖို့ ရှောင်ကြဉ်သင့်ပါတယ်။
(၄) ဒဏ်ရာအနာတရ ရှိမရှိ စစ်ဆေးပါ
Photo : Lancs Live
ချစ်တင်းနှော ပြီးတဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ လိင်အင်္ဂါ အနီးတဝိုက်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိမရှိကိုလည်း စစ်ဆေးကြည့်ရပါမယ်။ လိင်အင်္ဂါမှာ မတော်တဆ ဒဏ်ရာအနာတရ ဖြစ်သွားတာမျိုး ရှိလား ဒါမှမဟုတ် အဖုအပိန့်နဲ့ ပွန်းပဲ့နီးမြန်းတာတွေ ဖြစ်နေလား ၊ ဆီးသွားစဉ် ပူစပ်ပူလောင် ခံစားရတာ သို့မဟုတ် ယားယံတာလို ပုံမှန်မဟုတ်တဲ့ တစ်ခုခုကို သတိပြုမိတယ်ဆိုပါက ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသဖို့ အကြံပေးချင်ပါတယ်။
Source : Healthshots
Featured Photo : Yahoo Sports