မိတ်ဆွေတို့ရေ ကျွန်တော်တို့က ကိုယ်သိတဲ့လူ တစ်ယောက်ယောက်နဲ့ အမှတ်မထင်တွေ့မိရင်ပဲ ဖြစ်ဖြစ်၊ အချင်းချင်း စကားပြောဆိုရာမှာပဲ ဖြစ်ဖြစ်၊ နှုတ်ဆက်တဲ့အခါ အသိအမှတ်ပြုသည့်သဘော အနေနဲ့ပဲဖြစ်ဖြစ်၊ ရယ်မောပျော်ရွှင်စရာလေးတွေ တွေ့ရင်ပဲ ဖြစ်ဖြစ် အပြုံးလေးနဲ့ တုံ့ပြန်ကြတယ် မဟုတ်ပါလား။ ဒ့ါအပြင် ပေါင်းသင်းဆက်ဆံရေး မှာ အပြုံးနဲ့ ဆက်ဆံသူကို လူတော်တော်များများကို နှစ်သက်ကြပြီး သဘောကောင်းသူ အဖြစ်လည်း အသိအမှတ်ပြုကြပါတယ်။ အပြုံးက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ ဒါတင်မကသေးဘဲ အပြုံးတစ်ခု ဆင်မြန်းခြင်းက မထင်မှတ်ထားလောက်အောင် အကျိုးရှိတယ်ဆိုတာရော သိပါသလား။ ဒီဆောင်းပါးလေးမှာတော့ အပြုံးတစ်ခုရဲ့ ကျွန်တော်တို့အပေါ် သက်ရောက်တဲ့ အပြုသဘောဆောင်သော စွမ်းအားများ ကို ဖော်ပြပေးချင်ပါတယ်။
ပြုံးခြင်းက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်
Photo : Milestone Orthodontics
မိတ်ဆွေတို့ရေ ပြုံးခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုကတော့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်တာပဲ ဖြစ်ပါတယ်။ ပြုံးစရာ တစ်ခုခုနဲ့ ကြုံရတဲ့အခါ စိတ်ခံစားချက်များ ပိုမိုကောင်းမွန်လာပြီး အချို့သော အာရုံကြောဓာတ်များကို ထုတ်လွှတ်ပေးပါတယ်။ ထိုထုတ်လွှတ်မှုကြောင့် ခုခံအားစနစ်ကောင်းမွန်လာကာ အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်တယ်လို့ ဆိုပါတယ်။
ပြုံးခြင်းက စိတ်ခံစားချက်များကို ကောင်းမွန်စေပါတယ်
Photo : Joinn
မိတ်ဆွေတို့ရေ စိတ်ဓာတ်ကျတဲ့အခါ၊ စိတ်ပင်ပန်းတဲ့အခါ ကိုယ့်ကိုယ်ကို ပြုံးပြပါ။ ဒါက ထူးဆန်းကောင်း ထူးဆန်းပါတယ်လို့ ခံစားရနိုင်ပေမဲ့ ထိရောက်တာ တွေ့ရပါလိမ့်မယ်။ ပြုံးခြင်းက Endorphin များပိုမိုထွက်လာနိုင်ပြီး၊ သဘာဝအတိုင်း စိတ်ဓာတ်မြှင့်တင်ပေးကာ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့အပြင် စိတ်ခံစားချက်များကို ပိုမိုကောင်းမွန်လာစေပါတယ်။
ပြုံးခြင်းက ဆွဲဆောင်မှု ရှိစေပါတယ်
Photo : Golden Center for health
မျက်မှောင်ကြုတ်ပြီး ရှုံ့မဲ့နေခြင်းကဲ့သို့ အပျက်သဘောဆောင်သော မျက်နှာအမူအရာရှိသူများထက် အပြုံးကို ဆင်မြန်းထားသူများကို လူတွေ ပိုနှစ်သက်ကြပါတယ်။ ပြုံးခြင်းက အရေးအကြီးဆုံး မျက်နှာအမူအရာများထဲက တစ်ခုဖြစ်ပြီး မိတ်ဆွေတို့ကို ပိုမိုနုပျိုသော အသွင်ကိုပေးစွမ်းနိုင်ရုံသာမက ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်မြင်စေပါတယ်။ မိတ်ဆွေတို့ ပြုံးနေပါက အပြုသဘောဆောင်သော ကိုယ်ရည်ကိုယ်သွေးများ ပိုမိုရှိသည့် အသွင်အပြင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ပြုံးလိုက်တဲ့အခါ မျက်နှာမှာရှိတဲ့ ကြွက်သားတွေက ကျုံ့သွားပြီး ပြန်ထွက်လာတဲ့ မျက်နှာကြွက်သားတွေကို တင်းမာစေကာ မျက်နှာကို သွေးစီးဆင်းမှု ကောင်းမွန်စေခြင်းဖြင့် အသားအရေကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။
အပြုံးက နာကျင်မှုကို သက်သာစေပါတယ်
Photo : Vista Create
အပြုံးတစ်ခုရဲ့ စွမ်းအားများ ထဲက တစ်ခုကတော့ နာကျင်မှုကို သက်သာစေတာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ ပြုံးလိုက်သောအခါတွင် Endorphins များ ထွက်လာပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို ပြေလျော့စေကာ ကိုယ်လက်ကိုက်ခဲမှုကိုလည်း လျော့ပါးစေတယ်လို့ ဆိုထားပါတယ်။
သဘောကျတဲ့ မိန်းကလေးဆီက Impression ကောင်းရစေတယ်
Photo : Humaverse
လူတစ်ယောက်ရဲ့ ပြုံးနေတဲ့ မျက်နှာဟာ တကယ်ကို ဆွဲဆောင်မှုရှိ ရုံသာမက လူအများအတွက်လည်း နှစ်လိုဖွယ်ဖြစ်စေပါတယ်။ ဒါ့အပြင် ပြုံးတာဟာ ကွီးတို့သဘောကျတဲ့ မိန်းကလေးဆီက Impression ကောင်းရစေဖို့ တကယ်ကိုအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ သူမနဲ့တွေ့တိုင်း နွေးထွေးတဲ့ အပြုံးကိုပေးပါ။
ပေါင်းသင်းဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေပါတယ်
Photo : ladders
လုပ်ငန်းခွင်မှာ ဖြစ်စေ၊ အပြင်လူမှုဘဝမှာ ဖြစ်စေ၊ တစ်စုံတစ်ဦးကို စစ်မှန်သော အပြုံးတစ်ခု ပေးဆောင်ခြင်းက တစ်ဖက်သားအတွက် စိတ်ခံစားချက် ကောင်းစေသလို မိတ်ဆွေတို့အတွက် နှစ်လိုဖွယ်ကောင်းတဲ့ ပုံရိပ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ မကြာခဏ ပြုံးပြီး အပြုသဘောဆောင်တဲ့ သဘောထားနဲ့ အကောင်းမြင်စိတ်ကို ထုတ်ဖော်တဲ့အခါ လူတွေက အပြုသဘော ပြောဆို တုံ့ပြန်လာပါလိမ့်မယ်။ ဒီအချက်က ပေါင်းသင်းဆက်ဆံရေးမှာ တော်တော်လေးကို အကျိုးရှိစေပါတယ်။
အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက အပြုံးတစ်ခုက ပေးနိုင်တဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့လည်း ပြုံးဖို့ မမေ့ပါနဲ့ဗျာ။
Source : Verywell Mind
Featured Photo : Pinkvilla