ဘာမှမရှိတဲ့ အိုးအလွတ်တစ်လုံးက အသံအကျယ်ဆုံး ထွက်တယ်ဆိုတဲ့ စကားလေးသည် အပြော နဲ့သာ လေကြီးနေပြီး အလုပ် ကိုတော့ စိုးစဥ်းမျှ မလုပ်တဲ့သူတွေအတွက် ရည်ညွှန်းတဲ့ စကားလေးပဲဖြစ်ပါတယ်။ ကွီးတို့ ပတ်ဝန်းကျင်မှာရော အပြော နဲ့ လေကြီးနေတဲ့ လေအိုးတွေ ပြည့်နေသလား၊ ဒါမှမဟုတ် တိတ်တိတ်လေး ကြိုးစားပြီး ကြိတ်အလုပ်လုပ်နေတတ်တဲ့သူတွေရှိပါသလား။ ကွီးတို့ရော ဘယ်အမျိုးအစားထဲမှာ ပါပါသလဲ။

ဘဝမှာ အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင် လေအိုးကြီး မဖြစ်ဖို့ လိုအပ်ပါတယ်။ အပြော နဲ့ သက်သေမပြဘဲ အလုပ် နဲ့ သက်သေပြဖို့ လိုအပ်ပါတယ်။​

ဒါဆိုရင် အလုပ်နဲ့ ဘယ်လို သက်သေပြရမလဲ။

ပထမအဆင့်ကတော့ ပြတ်သားတဲ့ ရည်မှန်းချက်တစ်ခု ထားရှိဖို့ လိုအပ်ပါတယ်

ရည်မှန်းချက်

အောင်မြင်ချင်တယ်ဆိုရင် ဘဝမှာ ပြတ်သားတဲ့ ရည်မှန်းချက်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ကိုယ်က ဘာဖြစ်ချင်မှန်းမသိ၊ မသေချာ မရေရာတဲ့ ပန်းတိုင် ရည်မှန်းချက် မရှိရင် အောင်မြင်ဖို့ဆိုတာလည်း မသေချာတော့ပါဘူး။ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်က ပြတ်သားမှသာလျှင် ရှေ့ဆက်လျှောက်ရမယ့် လမ်းကလည်း ထင်သာမြင်သာရှိပြီး ဘယ်လို ဆက်လက်ကြိုးစားရမလဲဆိုတာကို သိရှိနားလည်မှာဖြစ်ပါတယ်။ ဥပမာ ကွီးတို့က ငွေကြေး မြောက်မြားစွာ ပိုင်ဆိုင်ပြီး၊ တိုက်တွေ ကားတွေ အများကြီး ပိုင်တဲ့ သူဌေးတစ်ယောက်ဖြစ်ချင်သလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ လုပ်ငန်းခွင် နယ်ပယ်တစ်ခုခုမှာ ပေါက်မြောက်တဲ့နေရာတစ်ခု ရရှိချင်တာလား။ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို သိရှိမှသာလျှင် ဘယ်လို ဆက်လက် ကြိုးစားရမယ်ဆိုတဲ့ နည်းလမ်းအမှန်ကိုလည်း သိရှိမှာဖြစ်ပါတယ်။

ထပ်ခါတလဲလဲ လေ့ကျင့်ပါ

အပြော အလုပ်

လုပ်ငန်းခွင်ကနေ အတွေ့အကြုံသစ်များကို ရရှိနိုင်သလို စာဖတ်ခြင်း၊ စဥ်ဆက်မပြတ် လေ့လာသင်ယူခြင်း၊ Conference ပွဲများ တက်ခြင်း၊ ကိုယ့်ရဲ့ စီနီယာကျပြီး အတွေ့အကြုံများတဲ့သူတွေနဲ့ စကားစမြည်ပြောခြင်းအားဖြင့် ဗဟုသုတအသစ်များ ရရှိနိုင်ပါတယ်။ ကွီးတို့ အမှန်တကယ် လုပ်ချင်စိတ်ရှိမှလည်း အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ လေ့လာသင်ယူခြင်း မရှိဘဲ ထိုင်နေရုံနေနဲ့တော့ ဘာမှဖြစ်မလာနိုင်ပါဘူး။ ကိုယ့်ဘက်ကလည်း များများ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်မှုများမှသာလျှင် ပြီးပြည့်စုံမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

နယ်ပယ် အသီးသီးမှာ အောင်မြင်နေတဲ့ စွန့်ဦးတီထွင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်းများ၊ ခေါင်းဆောင်များ၊ အနုပညာရှင်များ စတဲ့သူတွေကို ကြည့်လိုက်ပါ။ သူတို့မှာ မရ ရအောင် လုပ်မယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ရှိပါတယ်။

အောင်မြင်နေတဲ့ ကိုရီးယား အိုင်ဒေါ်လ်တွေဆိုတာသည်လည်း သူတို့ မအောင်မြင်ခင်အချိန်တုန်းက အကလေ့ကျင့်ခြင်း၊ အဆိုလေ့ကျင့်ခြင်း စသည်တို့ကို နားချိန် လုံးဝ မရှိဘဲ ညသန်းခေါင်ကျော်၊ မနက် ၂ နာရီ ထိုးသည်အထိ ထပ်တလဲလဲ လေ့ကျင့်နေရတာဖြစ်ပါတယ်။ သူတို့ ဒီလိုအောင်မြင်နေရခြင်းက သူတို့ရဲ့ အောင်မြင်မှုကို ဆာလောင်တဲ့ စိတ်၊ မရ ရအောင် လုပ်မယ်ဆိုတဲ့ ပြတ်သားတဲ့ စိတ်၊ လွယ်လွယ်နဲ့ လက်မလျော့တတ်တဲ့ စိတ်ဓာတ်တို့ကြောင့် နေရာတစ်ခုရကာ အောင်မြင်လာတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့လည်း အောင်မြင်ချင်တယ်ဆိုရင် စွန့်စားရဲတဲ့ စိတ်ဓာတ်၊ စွန့်လွှတ်ရတဲ စိတ်ဓာတ်လည်း လိုအပ်ပါသေးတယ်။

အနာခံမှ အသာစံရမယ်

အပြော အလုပ်

ကြိုးစားမှု တစ်ပြားသားမှ မရှိဘဲနဲ့ အောင်မြင်လာဖို့ကို မမျှော်လင့်ပါနဲ့။ အနာခံမှ အသာစံရမှာဖြစ်ပါတယ်။ လောကဓံရဲ့ ထိုးနှက်မှု ဒဏ်တွေ၊ ကိုယ့်ကို မနာလို မုန်းတီးတဲ့ ဒဏ်တွေကိုလည်း ခံနိုင်ရပါမယ်။ ပျင်းရိနေလို့လည်း မရပါဘူး။ အချိန်ဆွဲနေလို့လည်း မရပါဘူး။ အပျော် မက်ပြီး ကိုယ့်စိတ်ကို အလိုလိုက်နေမယ်ဆိုရင်လည်း ဘဝမှာ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အနာခံမှ အသာစံရမယ်ဆိုတဲ့ စိတ်ကို နှလုံး သွင်းထားလိုက်ပါ။

လဲကျရင် ပြန်ထပါ

အပြော အလုပ်

အောင်မြင်မှု ခရီးလမ်းက ပန်းခင်းလမ်းလို နူးညံ့အိစက်နေမှာတော့ မဟုတ်ပါဘူး။ ဆူးညှောင်းခလုတ်တွေ အတားအဆီးတွေ ရှိမှာပါပဲ။ ထိုအတားအဆီးများကို ကျော်လွှားနိုင်မှသာလျှင် ကိုယ် လိုချင်တဲ့ ပန်းတိုင်ခရီးကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘဝမှာ အကောင်းနဲ့ အဆိုးသည် အမြဲတမ်း ဒွန်တွဲနေတာပါ။ အကောင်းချည်းပဲ ကြုံတွေရမှာမဟုတ်ပါဘူး။ တခါတရံမှာ အဆိုးတွေသည်လည်း မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါသေးတယ်။ အဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဓာတ်ကျ မသွားဘဲနဲ့ ကိုယ် လုပ်စရာရှိတာကို တည်တည်ငြိမ်ငြိမ်သာ လုပ်ဆောင်သွားပါ။ တစ်ခါ ရှုံးနိမ့်သွားလို့ဆိုပြီး လဲကျနေရာကနေ ပြန်မထရင်တော့ အရှုံးနဲ့ပဲ ဇာတ်သိမ်းသွားမှာပါ။ ရှုံးနိမ့်မှုကြောင့် လက်လျော့လိုက်ရမယ်ဆိုရင်တော့ ဒီနေ့ခေတ်လို လူနေမှု အဆင့်အတန်းမြင့်မားတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ ခေတ်ပေါ် အသုံးအဆောင်ပစ္စည်းများ၊ ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေဆိုတာလည်း တည်ရှိလာမှာမဟုတ်ပါဘူး။ ပထမ တစ်ကြိမ်မှာ ရှုံးနိမ့်ရင်၊ ဒုတိယ တစ်ကြိမ် ဆက်ကြိုးစားပါ။ ဒုတိယအကြိမ်မှာ ရှုံးနိမ့်သွားခဲ့ရင် တတိယအကြိမ်မှာ ဆက်လက်ကြိုးစားနိုင်ပါတယ်။ အဓိကကတော့ ဘယ်တော့မှ အရှုံးမပေးလိုက်ဖို့ပါပဲ။ လေကျယ်နေတဲ့ လေအိုးသပ်သပ် မဖြစ်ဖို့လည်း လိုပါသေးတယ်။

တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်ပြီး ကိုယ့်ရဲ့ ကျယ်လောင်တဲ့ အောင်မြင်မှုကို နားသောတဆင်လိုက်ပါ။

ကွီးတို့ရော ကိုယ့်ရဲ့ ကျယ်လောင်တဲ့ အောင်မြင်မှုကို နားသောတ မဆင်ချင်ဘူးလား။

Source: Linkedin

Featured Image: Freepik