တစ်နေ့တာလုံး အမြဲလန်းဆန်းတက်ကြွပြီး ဖလန်းဖလန်း ထနေတဲ့ လူတွေကို ကြည့်ပြီးအားကျနေပြီလား? ကွီးတို့လည်း ဒီလို အမြဲကျန်းမာပြီး Active ဖြစ်တဲ့ လူတစ်ယောက်ဖြစ်နိုင်ပါတယ်။ နေ့ရက်တိုင်းမှာ အမြဲတမ်း ဖလန်းဖလန်းဖြစ်နေဖို့ ကွီးတို့လိုက်နာရမယ့် တစ်ရက်တာ လုပ်ငန်း ဆောင်တာလေးတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးပါမယ်။
(၁) အလုပ်ကို လမ်းလျှောက်သွားပါ သို့မဟုတ် စက်ဘီးနဲ့ သွားပါ
Photo : Noun Project
တစ်နေ့တာမှာ ထွေထွေထူးထူး လေ့ကျင့်ခန်းတွေ လုပ်စရာမရှိပဲ ကိုယ်လက်လှုပ်ရှား လုပ်ပြီးသား ဖြစ်စေဖို့ အလုပ်ကို ကားနဲ့သွားမယ့်အစား လမ်းလျှောက်တာ ဒါမှမဟုတ် စက်ဘီးနဲ့သွားဖို့ အကြံပေးပါရစေ။ တစ်နေ့အတွင်း အနည်းဆုံး မိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှားမှုရှိတယ်ဆိုရင်ပဲ ကျန်းမာပြီး ဖလန်းဖလန်း ဖြစ်တဲ့ လူတစ်ယောက် ဖြစ်နိုင်ပါပြီ။
(၂) ခြေလှမ်းအရေအတွက် တွက်လျှောက်ပါ
Photo : Freepik
လမ်းလျှောက်ခြင်းက ငွေကုန်ကြေးကျမရှိပဲ ကျန်းမာတက်ကြွစေမယ့် အကောင်းဆုံး အားကစားနည်းတစ်ခုပါပဲ။ ဒါကြောင့် တစ်နေ့တာအတွက် ခြေလှမ်းအရေအတွက်ကို ခြေရာခံခြင်းဖြင့် စတင်လိုက်ပါ။ နေ့စဉ် အနည်းဆုံး ခြေလှမ်း ၁၀,၀၀၀ ခန့် လမ်းလျှောက်ပေးသင့်ပြီး တဖြည်းဖြည်းချင်း ဒီအရေအတွက်ထက် ပိုများအောင် လျှောက်ဖို့ အကြံပေးချင်ပါတယ်။
(၃) တစ်နာရီ ထိုင်ပြီးတိုင်း လှုပ်ရှားပေးပါ
Photo : Healthline
တစ်နေကုန် အထိုင်များတာက ကွီးတို့ရဲ့ ကျန်းမာရေးကို အများကြီး ထိခိုက်စေပါတယ်။ ကွီးတို့က တစ်နေ့တာလုံးမှာ များသောအားဖြင့် ထိုင်ပြီး အလုပ်လုပ်ရတယ်ဆိုရင် အနည်းဆုံး တစ်နာရီပြည့်တိုင်းမှာ ၁၀ မိနစ်ခန့် ထိုင်ခုံကထပြီး လမ်းလျှောက်တာ ၊ လှေကားတက်တာတို့လို အပေါ့စား လှုပ်ရှားမှုတွေ လုပ်ပေးပါ။ အညောင်းအညာပြေစေရုံမက လန်းဆန်းတက်ကြွပြီး ဖလန်းဖလန်း ဖြစ်စေပါလိမ့်မယ်။
(၄) ကျန်းမာအောင် စားပါ
Photo : Shutterstock
တစ်နေ့တာ စားသုံးတဲ့ အာဟာရဓာတ်ကလည်း ကွီးတို့ရဲ့ တက်ကြွမှုအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ အခြေခံအားဖြင့် မနက်စာ ၊ နေ့လည်စာ ၊ ညစာကို အချိန်မှန်မှန်စားသင့်ပြီး ပန်းကန်ထဲမှာ ထမင်း ၊ အသား ၊ အသီးအရွက်တို့ကို ပြည့်စုံမျှတအောင် စားပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်က လုံလောက်တဲ့ စွမ်းအင်ပမာဏကို ရရှိပြီး တက်ကြွလန်းဆန်း ဖလန်းဖလန်း ဖြစ်နေမှာပါ။
(၅) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ
Photo : Men’s Health
နောက်တစ်နေ့ကို တက်ကြွလန်းဆန်းမှုအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ဆို ညဘက်မှာကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်အနားယူပေးဖို့ လိုပါတယ်။ ညဘက်ကို စောစောအိပ်ပြီး မနက်စောစောထတဲ့ အလေ့အကျင့်ဟာ ကျန်းမာပြီး တက်ကြွတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်မှာပါ။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အနေနဲ့ တစ်ညတာကို ၇ နာရီကနေ ၈ နာရီကြား လုံလုံလောက်လောက်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပေးသင့်ပါတယ်။
Featured Photo : BikeFinder