ကွီးတို့ရေ ဂျင်း မိဖူးပါသလား။ ဒီလို အကြံအဖန် ဂျင်း မဟုတ်တဲ့ အမှန်အကန် “ဂျင်း”အကြောင်းကို ဒီနေ့မှာ ကွီး Page ကနေ မျှဝေပေးမှာ ဖြစ်ပါတယ်။ ဂျင်းကတော့ ကျွန်တော်တို့ သိပြီးသားဖြစ်တဲ့အတိုင်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါတယ်။ ဂျင်းကို အစားအစာများတွင် အရသာအတွက် အသုံးပြုသော်လည်း သမိုင်းတစ်လျှောက်မှာ အစားထိုး ဆေးဝါးတစ်မျိုးအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်နဲ့အတူ ဂျင်းကရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်ဗျာ။

အစာခြေဖျက်မှုကို ပိုကောင်းစေတယ်

အမှန်အကန် “ဂျင်း”

Photo : The Statesman

ဂျင်းဟာ အစာခြေဖျက်မှု လုပ်ငန်းစဉ်ကို မြန်ဆန်စေပြီး ဗိုက်ကို ပိုမြန်မြန် ရှင်းစေပါတယ်။ အစာမကြေခြင်း၊ အစာအိမ်နာခြင်း၊ ဝမ်းချုပ်ခြင်း ကဲ့သို့သော အစာခြေပြဿနာရှိသူက ဂျင်းကို ၎င်းတို့ရဲ့ ပုံမှန်အစားအသောက်များတွင် ထည့်သွင်းစားသုံးခြင်းဖြင့် သက်သာလာနိုင်ပါတယ်။ ဂျင်းကို စားသုံးတဲ့ သူတွေက မစားတဲ့သူတွေထက် အစာခြေ နှစ်ဆ ပိုမြန်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ၎င်းက အစာခြေလမ်းကြောင်းအတွင်း လှုပ်ရှားမှုကို တိုးမြင့်စေပြီး ကျွန်တော်တို့စားသုံးတဲ့ အစားအစာများကို ချေဖျက်ရန် ကူညီပေးသည့် ကျန်းမာသော အင်ဇိုင်းများကို မြှင့်တင်ပေးနိုင်ပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်

အမှန်အကန် “ဂျင်း”

Photo : Yoga Strong

Gingerol ဆိုတာကတော့ ဂျင်းမှာတွေ့ရတဲ့ ဇီဝဗေဒဆိုင်ရာ ဒြပ်ပေါင်းဖြစ်ပြီး ၎င်းရဲ့ ဂုဏ်သတ္တိများဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဂျင်းမှာ Antioxidants နဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါရှိပါတယ်။ ဒါကြောင့် ဂျင်းက ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို သက်သာစေပြီး သာမန်အအေးမိခြင်း၊ တုပ်ကွေးနဲ့ ဆက်စပ်သော အခြားလက္ခဏာများကို သက်သာစေပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်

အမှန်အကန် “ဂျင်း”

Photo : Jagran

ဂျင်းနှင့်ပတ်သက်သော လေ့လာမှုများအရ ဂျင်းမှာပါဝင်သော Gingerol က ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ကုသဆေးမဟုတ်သော်လည်း ၎င်းမှာပါဝင်တဲ့ Antioxidant နှင့် Anti-inflammatory ဂုဏ်သတ္တိများက ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဂျင်းက ကင်ဆာကုသမှုနှင့် ဆက်စပ်နေလေ့ရှိသော ပျို့အန်ခြင်း၊ နာကျင်ခြင်း စတဲ့လက္ခဏာများကို လျှော့ချရန် ဘေးကင်းသော ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ကင်ဆာ‌ရောဂါ ခံစားနေရတဲ့ လူနာတစ်ဦး ဓာတုကုထုံးခံယူနေချိန်တွင် အစားအစာထဲသို့ ဂျင်းထည့်ခြင်းက ပျို့အန်ခြင်း သို့မဟုတ် မူးဝေခြင်းစတဲ့ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုး အချို့ကို သက်သာလျော့ကျစေရန် ကူညီပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ချရာမှာ ကူညီပေးနိုင်ပါတယ်

Photo : Muscle and Fitness

ဂျင်းကို စားသုံးခြင်းက ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ အချို့လေ့လာမှုတွေက ဆိုပါတယ်။ ဂျင်းသည် အင်ဆူလင်ပမာဏကို ထိန်းချုပ်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အစာအလွန်အကျွံစားခြင်းမှ ကာကွယ်ရန် ပြည့်ဝသောခံစားချက်ကို ဖန်တီးပေးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်

Photo : Health

ဂျင်းဟာ ရောင်ရမ်းမှုကို လျှော့ချပေးပြီး အစွမ်းထက်တဲ့ antioxidants တွေကြောင့် ဦးနှောက်ကို Free Radicals တွေကနေ ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနှင့် တုံ့ပြန်မှုတို့ကို လုပ်ဆောင်သော ဦးနှောက်ရဲ့ အာရုံကြော ပို့လွှတ်မှုများကို တိုးမြှင့်ခြင်းဖြင့် မှတ်ဉာဏ်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ဂျင်းက စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ရောဂါများကို တိုက်ဖျက်ရာတွင် အထောက်အကူပြုစေတဲ့ ဒိုပါမင်းနှင့် ဆီရိုတိုနင်တို့ကို ထုတ်ပေးနိုင်ပါတယ်။

ကွီးတို့ရေ အကြံအဖန် မဟုတ်တဲ့ အမှန်အကန် “ဂျင်း”ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အံ့မခန်းပါပဲနော်။ ဒါကြောင့် ကွီးတို့အစားအစာတွေထဲမှာ ဂျင်းကို သင့်တင့်သော ပမာဏအား ထည့်သွင် စားသုံးဖို့ မမေ့ပါနဲ့။

Source : Spice World

Featured Photo : Love The Garden