လူတစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြတယ်ဆိုတာ လွယ်ကူပါတယ်။ ဒါပေမဲ့ Relationship တစ်ခု ရေရှည် တည်တံ့အောင် တည်ဆောက်ကြတဲ့အခါကျတော့ ခက်ခဲသွားပြန်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား အပြန်အလှန် နားလည်မှုရရှိအောင် တည်ဆောက်ယူရပြီး သစ္စာတရားကိုလည်း လက်ကိုင်ထားဖို့ လိုအပ်ပါတယ်။ လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ပိုင်ဆိုင်ထားရမယ့် အရည်အချင်းတွေကလည်း တစ်ခု နှစ်ခုတည်း မဟုတ်ပါဘူး။ တကယ်လို့သာ ကွီးတို့မှာ အခုဖော်ပြပေးမယ့် အရည်အချင်း များ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ နိုင်ပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့က ကိုယ့်ရဲ့ လက်တွဲဖော်အတွက် လက်တွဲဖော်ကောင်းတစ်ယောက် ပီသလို့ပဲဖြစ်ပါတယ်။
(၁) ကိုယ့်ရဲ့ လက်တွဲဖော်အပေါ်မှာ လေးစားမှု ရှိခြင်း
ကျန်းမာတဲ့ Relationship တစ်ခုဟာ အပြန်အလှန်လေးစားမှုနဲ့ တည်ဆောက်ရတာပါ။ လူတစ်ယောက်က ကိုယ့်အပေါ် ကြင်နာမှု ၊ ထောက်ထားစာနာမှုတွေနဲ့ ဆက်ဆံတက်ပြီး ကိုယ့်ရဲ့ အတွေးအမြင်နဲ့ ခံစားချက်တွေကို တန်ဖိုးထားတယ်ဆိုရင် ဒါဟာ အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လက်တွဲဖော်က ကိုယ့်ထက် ငယ်သည်ဖြစ်စေ ၊ ကြီးသည်ဖြစ်စေ ၊ အပြန်အလှန် လေးစားမှု ထားရှိခြင်းအားဖြင့် ကျန်းမာတဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ပါတယ်။
(၂) သူ(မ)ရဲ့ အလုပ်ကိစ္စအပေါ်မှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အထောက်အပံ့ပေးခြင်း
ကွီးတို့က သူ(မ)ရဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်လာတဲ့အခါ ဆရာကြီးလုပ်ကာ ဝင်ရောက်နှောင့်ယှက်တာမျိုး မရှိဘူး။ သူ(မ)ကို သဝန်တိုလို့ဆိုပြီး အလုပ်နဲ့ ပတ်သက်တဲ့အရာများကို မလုပ်ခိုင်း ၊ ဟိုနေရာ မသွားခိုင်း ၊ ဒီနေရာ မသွားခိုင်းနဲ့ နှောင့်ယှက်ပိတ်ပင်နေတာမျိုးမဟုတ်ဘဲ ကိုယ့်လက်တွဲဖော်အပေါ် ယုံကြည်မှုအပြည့် ထားပေးပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်။ ကွီးတို့သည် အကောင်းဆုံး လက်တွဲဖော်ကောင်းတစ်ယောက်ပါပဲ။
(၃) ကိုယ့်ဘက်က အမှားတွေ ရှိရင်လည်း မာနတွေ မထားဘဲ တောင်းပန်ဖို့ ဝန်မလေးဘူး
ကိုယ့်ရဲ့အမှားကို သိရဲ့သားနဲ့ ဝန်မခံဘဲ တစ်ဖက်လူကိုသာ အပြစ်ပုံချခြင်းသည် လူကြီးလူကောင်းဆန်တဲ့ ယောကျာ်းကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ အမှားတစ်စုံတစ်ရာ ပြုလုပ်မိတဲ့အခါ တောင်းပန်ဖို့ ဝန်လေးပြီး အတ္တကြီးနေမယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ပိုဆိုးတာက သင်တို့နှစ်ယောက်စလုံးက အတ္တသမားတွေဆိုရင်တော့ ထိုအချစ်ခရီးလမ်းသည် အချိန်တိုအတွင်း ပြီးဆုံးသွားမှာဖြစ်ပါတယ်။ ရေရှည်ဆက်သွားမယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် နာကျင်စရာတွေပဲ ပေးနေမိသလို ဖြစ်ပါလိမ့်မယ်။
အဲ့ဒီလိုမဟုတ်ဘဲ ကွီးတို့က ကိုယ် မှားသည်ဖြစ်စေ၊ မှန်နေရင်တောင်မှ ကိုယ့်ကောင်မလေးက စိတ်မချမ်းမသာဖြစ်နေရင် ကိုယ့်ဘက်က တောင်းပန်ဖို့ ဝန်မလေးဘူးဆိုရင်တော့ ကွီးတို့ကို ပိုင်ဆိုင်ရတဲ့ ကောင်မလေးက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး အမျိုးသမီးတစ်ယောက်ပါပဲ။
(၄) ကိုယ့်ကောင်မလေးရဲ့ အားနည်းချက်ကို အပြစ်ပြောမနေဘဲ အကောင်းမြင်တတ်ပေးသလား
ကွီးတို့နှစ်ယောက်သား လက်မတွဲခင်မှာ အရင်ဆုံး လေ့လာဆန်းစစ်ရမယ့် အချက်တစ်ခုက တစ်ယောက်ရဲ့အားသာချက် အားနည်းချက်တွေ အားလုံးကို လက်ခံပေးနိုင်သူ ဖြစ်ရဲ့လား ဆိုတာပါပဲ။ သူရဲ့ အားနည်းချက်တွေကို သိထားပြီး အကောင်းဆုံး နားလည်ပေးကာ လက်တွဲမဖြုတ်ပဲဆက်ချစ်ပေးနိုင်သူ ဆိုရင်တော့ ကွီးတို့သည် သူ့အတွက် ကောင်းမွန်တဲ့လက်တွဲဖော်ကောင်း တစ်ယောက်ဆိုတာ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။
ကွီးတို့ ကောင်မလေးကလည်း ကွီးတို့ရဲ့ အားနည်းချက်တွေကို ချစ်တဲ့စိတ်နဲ့ ဖြည့်မြင်ပေးတတ်တယ် ၊ အဆိုးချည်းဘဲ ထိုင်ပြောမနေဘူး ၊ ကိုယ့်ရဲ့ အားနည်းချက်ကို ဖိနှိပ်ပြီး ပြောဆိုနေတာမျိုး မလုပ်ဘူးဆိုရင်တော့ ကွီးတို့နှစ်ယောက်က နတ်ဖက်တဲ့ ဖူးစာပါပဲ။
(၅) အေးအတူ ပူအမျှ မျှဝေခံစားပေးနိုင်ပြီလား
အေးအတူ ပူအမျှဆိုတဲ့ စကားဟာ ပြောရလွယ်သလောက် လက်တွေ့မှာ တကယ်ခက်ခဲပါတယ်။ လူတွေဟာ အခြေအနေ အမျိုးမျိုးပေါ်လိုက်ပြီး နှလုံးသားတွေလည်း ပြောင်းလဲတက်ကြတာပါ။ ကိုယ်အနေနဲ့ အောင်မြင်နေပါစေ ၊ ကျရှုံးမှုတွေနဲ့ ကြုံနေပါစေ အကောင်းအဆိုး အားလုံးကို အတူတူမျှဝေခံစားဖို့ ရဲရင့်တဲ့သတ္တိရှိသူ တစ်ယောက်ဆိုရင် ဒီလူဟာ သင့်အပေါ် စစ်မှန်တဲ့ လူတစ်ယောက်ဆိုတာ ရဲရဲကြီး ပြောနိုင်ပါတယ်။ ကွီးတို့ နှစ်ယောက်ကြားမှာ အေးအတူ ပူအမျှ၊ ကောင်းအတူတူ ၊ ဆိုးအတူတူ မျှဝေ ရင်ဆိုင်ရဲတယ်ဆိုရင်တော့ ကွီးတို့နှစ်ယောက်သည် လက်တွဲဖော်ကောင်းဆိုတဲ့ လက္ခဏာနဲ့ ပြည့်စုံတဲ့သူတွေပါပဲ။
(၆)သူ(မ)ရဲ့ အားလပ်ချိန်တွေကို အပိုင်ယူမထားဘူး
တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ချစ်နည်း မမှန်ရင်တော့ အခြားတစ်ယောက်အတွက် မွန်းကြပ်စရာတွေချည်းပဲ ဖန်တီးပေးနေတတ်ပါတယ်။ ချစ်လွန်းလို့ဆိုပြီး သူ့အချိန်တွေချည်းပဲ အပိုင်ယူထားတာမျိုး မဟုတ်ဘဲ သူ(မ)ရဲ့ ကိုယ်ပိုင် အားလပ်ချိန်တွေကိုလည်း လွတ်လပ်ပေးထားဖို့ လိုအပ်ပါတယ်။ လူသားတွေက သူတို့ရဲ့ လွတ်လပ်ပိုင်ခွင့်တွေကို မြတ်နိုးကြပါတယ်။ သူ့ လွတ်လပ်ခွင့်၊ ကိုယ့် လွတ်လပ်ခွင့်တွေကို လေးစားခြင်းအားဖြင့် ကျန်းမာ ပျော်ရွှင်ရတဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ပါတယ်။
ကွီးတို့ဆီမှာ အခုဖော်ပြသွားတဲ့ အရည်အချင်း များ အားလုံး ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ လို့ရပါပြီ။
ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ အရည်အချင်းတွေထဲက ဘယ်နှမျိုးလောက် ပိုင်ဆိုင်ထားပြီးပါပြီလဲ။
Source: Lovepanky
Featured Image: Freepik