မာကင်ရာ ဆိုတာ ချစ်ခြင်းရဲ့အမှတ်အသားလို့ အဓိပ္ပါယ်ဖွင့်ဆိုရမယ် ထင်ပါတယ်။ ဘိလပ်လိုတော့ Hickey ဒါမှမဟုတ် Love Bite လို့ခေါ်ပါတယ်။ ချစ်သူလေးရဲ့ အရေပြားနုနုပေါ် ခပ်ကြမ်းကြမ်း စုပ်နမ်းလိုက်ခြင်းကနေတဆင့် ဖြစ်ပေါ်လာတဲ့ အနီရောင် သို့မဟုတ် အညိုပုပ်ရောင် အမှတ်အသားတွေဟာ မာကင်ရာတွေ ပါပဲ။ မာကင်ရာ အနီကွက်တွေက တခြားအရေပြား ရောင်းရမ်းမှုတွေလိုပဲ အချိန် ၂ ပတ်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းသက်သာ သွားတက်ပါတယ်။ ဒါပေမယ့် လည်ပင်း ၊ လက်မောင်းနဲ့ ရင်ဘတ်လို လူမြင်နိုင်တဲ့နေရာတွေမှာ အချစ်ရဲ့သင်္ကေတ အမှတ်အသားလေး တံဆိပ်ရိုက်မိလို့ မြန်မြန်ပျောက်ကင်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်စေမှာ ဖြစ်ပါတယ်။

(၁) ရေခဲဝတ်ကပ်ပါ

Photo : Healthgrades

ရေခဲဝတ်ကပ်ပေးတာက ပူပူနွေးနွေး မာကင်ရာတွေ အပါအဝင် လောလောလတ်လတ် ထိခိုက်ဒဏ်ရာရထားတဲ့ နီမြန်းရောင်ရမ်းခြင်းတွေကို အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အအေးဓာတ်က အရေပြားသွေးစီးဆင်းမှုကို ထိန်းချုပ်ပေးတဲ့အတွက် ရောင်ရမ်းတာ ၊ နီးမြန်းတာတွေကို အထိရောက်ဆုံး သက်သာစေပါတယ်။ ရေခဲဝတ် ၊ ရေခဲအိတ်နဲ့ အအေးခံထားတဲ့ ဇွန်းတွေကို သုံးနိုင်ပါတယ်။ မာကင်ရာပေးပြီး ၂ ရက်အတွင်းမှာ တစ်ရက်ကို ၄ ကြိမ်ကနေ ၅ ကြိမ်ခန့် ၊ တစ်ကြိမ်မှာ ၁၀ မိနစ်လောက် ရေခဲဝတ်နဲ့ မာကင်ရာကို ကပ်ပေးလို့ ရပါတယ်။

(၂) ရှားစောင်းလက်ပတ်ဂျယ်လ်လိမ်းပါ

Photo : Healthline

အသားအရေ နီးမြန်းရောင်ရမ်းခြင်းတွေအတွက် အထိရောက်ဆုံးကုသပေးနိုင်တဲ့ အိမ်တွင်းကုထုံးတစ်ခုကတော့ ရှားစောင်းလက်ပတ်ပါပဲ။ ရှားစောင်းလက်ပတ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုဆန့်ကျင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် အရေပြားကို အေးမြစေပြီး နီမြန်းရောင်ရမ်းခြင်းတွေ သက်သာစေနိုင်ပါတယ်။

ရှားစောင်းလက်ပတ် အပင်ကရတဲ့ သဘာဝဂျယ်လ် သို့မဟုတ် ရှားစောင်းလက်ပတ် ထုတ်ကုန်လိမ်းဆေးတွေ သုံးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။ အေးခဲထားတဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို မာကင်ရာ ပေါ် ၁၀ – ၁၅ မိနစ်ခန့် ညင်သာစွာ ပွတ်လိမ်းပေးပါ။ သိသာတဲ့ ရလဒ်အမြန်ဆုံးရချင်တယ်ဆိုရင် တစ်ရက်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

(၃) ငှက်ပျောခွံနဲ့ ပွတ်ပေးပါ

Photo : 30Seconds

ငှက်ပျောသီးအခွံရဲ့ အတွင်းပိုင်းမှာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အဖုအပိန့်နဲ့ နီမြန်းခြင်းတွေကို အလျင်မြန်ဆုံးသက်သာစေနိုင်စွမ်း ရှိပါတယ်။ မာကင်ရာ နေရာတဝိုက်ကို ငှက်ပျောသီးခွံရဲ့ အတွင်းဘက်နဲ့ ၁၅ – ၂၀ မိနစ်ခန့် ခပ်ဖွဖွ ပွတ်ပေးရပါမယ်။ ငှက်ပျောသီးအခွံ ညိုသွားတဲ့အထိ ပွတ်ပေးပါ။ တစ်ရက်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

(၄) Green Tea အိတ်သုံးပါ

Photo : eMediHealth

Green Tea မှာ နီမြန်းရောင်ရမ်းတဲ့ အစက်အပျောက်တွေကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေများစွာ ပါဝင်ပါတယ်။ အသုံးပြုနည်းကလည်း အရမ်းကို လွယ်ပါတယ်။ ခပ်နွေးနွေး Green Tea အိတ် ဒါမှမဟုတ် အအေးခံထားတဲ့ Green Tea အိတ်ကို မာကင်ရာ ပေါ် ၁၀ မိနစ်ခန့် ကပ်ထားပေးရပါမယ်။ တစ်ရက်ကို ၂ ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် မာကင်ရာ အနီကွက်တွေ သိသိသာသာ သက်သာပျောက်ကင်းသွားစေမှာ ဖြစ်ပါတယ်။

(၅) ဗီတာမင် C လိမ်းပေးပါ

Photo : Medical News Today

အသားအရေ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးကတော့ ဗီတာမင် C ဖြစ်ပါတယ်။ ဗီတာမင် C မှာ အသားအရေအတွက် ကောင်းမွန်တဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါရှိပြီး ကော်လဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် သွေးကြောမျှင်လေးတွေတဝိုက်မှာရှိတဲ့ အရေပြားတစ်သျှူးတွေကို အားကောင်းစေတာကြောင့် မာကင်ရာတွေလို နီမြန်းရောင်းရမ်းခြင်းတွေကို လျော့ကျသက်သာစေနိုင်ပါတယ်။ မာကင်ရာ ပေါ် ဗီတာမင် C ဓာတ်များများပါဝင်တဲ့ ခရမ်င်တွေ နေ့စဉ်လိမ်းပေးရပါမယ်။ လိမ္မော်သီးနဲ့ တခြား ဗီတာမင် C ဓာတ် ကြွယ်ဝတဲ့ အသီးအနှံ့တွေ စားပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။