ဒီနေ့မှာတော့ အမျိုးသားတို့ သိချင်ကြတဲ့ ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်လို့ စိတ်ဝင်စားစရာ မေးခွန်းတချို့ကို ဖြေပေးသွားချင်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့ လိင်တံ အရွယ်အစား က ပျှမ်းမျှအားဖြင့် ၄ လက်မ ကနေ ၅ လက်မ ဝန်းကျင်ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ တကယ်တော့ ပျမ်းမျှ လိင်တံအရွယ်အစားဟာ လူတစ်ဦးနဲ့တစ်ဦး ကွဲပြားနိုင်ပြီး လူတော်တော်များများထင်သလောက်တော့ မကြီးပါဘူး။ ၂၀၁၅ ခုနှစ်က လေ့လာမှုတစ်ခုအရ လိင်တံထောင်မတ်နေချိန်မှာ ၄.၅၉ လက်မကနေ ၅.၅ လက်မကြား ရှိပြီး လိင်တံထောင်မတ်မှုမရှိတဲ့ အချိန်မှာတော့ ပျှမ်းမျှအားဖြင့် ၃.၃၆ လက်မကနေ ၃.၆၁ လက်မဝန်းကျင် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါဆို အရွယ်အစားက ပါတနာအတွက် တကယ်ပဲ အရေးကြီးပါသလား။ အရွယ်အစားနဲ့ပတ်သက်ပြီး သင်လုပ်နိုင်တာ ဘာရှိလဲစတဲ့ မေးခွန်းတွေကို အောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။

လိင်တံအရွယ်အစားက တကယ်ပဲ အရေးကြီးသလား?

Penis Size

Photo : Yahoo News

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ လိင်ဆက်ဆံတဲ့အခါ လိင်တံအရွယ်အစားက အရမ်းကြီး အရေးမကြီးပါဘူး။ အရွယ်အစားက လိုအင်ဆန္ဒ ၊ အခြေခံလုပ်ဆောင်မှု ဒါမှမဟုတ် ကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှု မရှိပါဘူး။ နားလည်လွယ်အောင် ပြောရရင် လိင်တံအရွယ်အစားဟာ လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လိင်ဆက်ဆံခြင်း ၊ ဆီးသွားခြင်းနဲ့ မျိုးပွားခြင်း စတဲ့ အရာတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့်လည်း သုတေသနအချက်အလက်တွေအရ အမျိုးသား အများစုဟာ မိမိတို့ရဲ့ ဖွားဘက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှု နည်းပါးကြတယ်လို့ ဆိုပါတယ်။

ရှိသင့်တဲ့ အရွယ်အစား ထက်သေးငယ်နေတဲ့ လိင်တံရှိမှာကို စိုးရိမ်တာက အမျိုးသားတို့ရဲ့ယုံကြည်မှုကို ကျဆင်းစေပြီး လိင်မှုဆိုင်ရာစွမ်းဆောင်ရည်မှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း ကဲ့သို့ စိတ်ပိုင်းဆိုင်ရာဖိအားတွေဟာ လိင်အင်္ဂါမသန်စွမ်းမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေဆိုတာ မမေ့လိုက်ပါနဲ့။

လိင်တံအရွယ်အစားကို တိုးမြှင့်နိုင်ပါသလား?

Penis Size

Photo : Healthline

အွန်လိုင်းပေါ်မှာ မြင်တွေ့နေရတဲ့ ကြီးဆေးပေါင်းစုံနဲ့ နည်းလမ်းတွေဟာ တကယ်တော့ ထင်သလောက် အလုပ်ဖြစ်မှာ မဟုတ်သလို ယာယီအားဖြင့်သာ အကျိုးသက်ရောက်မှုရှိနိုင်မှာ ဖြစ်ပါတယ်။ လိင်တံအရွယ်အစားကို နဂိုထက် ပိုမိုကြီးထွားလာအောင်လုပ်နိုင်တဲ့ နည်းလမ်းပေါင်း သောင်းခြောက်ထောင်ထဲက ပေါ်ပြူလာအဖြစ်ဆုံး နည်းလမ်းတွေကတော့

ပြောင်းဆွဲခြင်း – ဈေးကွက်ထဲနဲ့ အရပ်ထဲမှာတော့ ကျင့်ပြောင်း ၊ ဆွဲပြောင်းလို့ လူသိများပါတယ်။ Penis Pumps လို့ခေါ်တဲ့ ကိရိယာဟာ လိင်တံရှိ သွေးကြောတွေကို ကျဉ်းသွားစေတဲ့အတွက် ပိုမာပိုကြီးလာစေတယ်လို့ ထင်ရပါတယ်။ တကယ်တော့ ဒါဟာ ယာယီအားဖြင့်သာ ဖြစ်ပါတယ်။ Penis Pumps တွေဟာ အဓိကအားဖြင့် လိင်အင်္ဂါမသန်စွမ်းမှုပြဿနာ ခံစားနေရသူတွေ ဥပမာ ပန်းသေပန်းညိုး ပြဿနာရှိသူတွေအတွက် အသုံးပြုဖို့သာ ထုတ်ထားတာ ဖြစ်ပါတယ်။ လိင်တံအရွယ်အစား ကြီးထွားဖို့အတွက်တော့ Penis Pumps တွေက ထင်သလောက် အလုပ် မဖြစ်နိုင်ပါဘူး။

ဆေးဝါးမှီဝဲခြင်း – လိင်တံကြီးဆေးလို့ခေါ်တဲ့ သောက်ဆေးတွေဟာလည်း ဈေးကွက်ထဲမှာ အများအပြား တွေ့ရနိုင်ပါတယ်။ ကြီးကြာရှည်လို့ လူပြောများတဲ့ သောက်သုံးရတဲ့ ဆေးဝါးတွေဟာလည်း အမှန်တကယ် အလုပ်ဖြစ်တာ ရှားပါတယ်။ ဒီဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တဲ့အတွက် လိင်အင်္ဂါမသန်စွမ်းမှုပြဿနာတွေပါ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

ဆီလီကွန်ထိုးခြင်း – အမျိုးသားတွေကြားမှာ ရေပန်းအစားဆုံးနည်းလမ်းတစ်ခုလို့ ပြောနိုင်ပါတယ်။ လိင်တံအရေပြားကို ဆီလီကွန်ထိုးထည့်တဲ့ နည်းလမ်းဟာလည်း ဘေးထွက်ဆိုးကျိုးအရမ်းကို များပါတယ်။ လိင်တံကို ပုံပျက်စေခြင်း သို့မဟုတ် ဆေးခဲခြင်း စတဲ့ ပြဿနာတွေ အများကြီး ဖြစ်နိုင်ပါတယ်။ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာမတိုင်ပင်ပဲ မိမိတို့ရဲ့ မွေးရာပါဖွားဖက်တော်ကို ခွဲစိတ်ခြင်း ၊ ဆေးထိုးခြင်းတွေ လုံးဝမပြုမိစေဖို့ သတိပေးချင်ပါတယ်။

လိင်တံ အရွယ်အစား ကို ပိုမိုကြီးထွားလာစေချင်တယ်ဆိုရင်တော့ ကိုယ်အလေးချိန် လျော့ချပါ။ လိင်အင်္ဂါအမွှေးအမျှင်တွေကို ပုံမှန်ညှပ်ပေးပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခု ပုံမှန်လုပ်ဆောင်ပြီး မိမိကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြှင့်တင်ပါ။ လိင်တံရှိ သွေးကြောတွေကို ပွင့်စေဖို့ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးပါ သို့မဟုတ် ရေနွေးစိမ်ထားတဲ့ တဘက်နဲ့ လိင်တံကို မိနစ်အနည်းငယ် ဖုံးအုပ်ပေးပါ။ ဒီလိုလုပ်တာဟာ လိင်တံဆီ သွေးစီးဆင်းမှုကောင်းစေပြီး လိင်တံအရွယ်အစားနဲ့ ထောင်မတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ လိင်တံထောင်မတ်မှုကို လျော့ကျစေနိုင်တဲ့ စိတ်ဖိစီးမှုများခြင်းနဲ့ ဆေးလိပ်သောက်ခြင်း အလေ့အကျင့်တွေကိုလည်း လျော့ချပါ။ မိမိကိုယ့်ကိုယ် လက်ခံဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်တက်ဖို့လည်း အရေးကြီးပါတယ်။ အကယ်၍ သင်ဟာ ရှိသင့်ရှိထိုက်တဲ့ လိင်တံအရွယ်အစားမှာ ရှိမနေဘူးလို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်တောင်း ကုသမှုခံယူနိုင်ပါတယ်။

Featured Photo : Healthline