အရွယ်တင် နုပျိုမှုကို ပိုင်ဆိုင်နိုင်ဖို့ ဈေးကြီးတဲ့ စကင်းကဲ ထုတ်ကုန်တွေသုံးမှ မဟုတ်ပါဘူး။ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ပြုစုပျိုးထောင်ပြီး အစားအသောက် ၊ အနေအထိုင် ၊ အိပ်စက်အနားယူချိန် ၊ လေ့ကျင့်ခန်း ဒါတွေ အားလုံးကို ညီညွှတ်မျှတစွာ လိုက်နာမယ်ဆိုရင် အသက်ကြီးတဲ့အထိ နုပျိုခြင်းတွေကို ပိုင်ဆိုင်နိုင်မှာပါ။ နောက်ပြီး ကျွန်တော်တို့ အနီးအနားမှာ အလွယ်တကူ ရနိုင်တဲ့ သဘာဝ ပစ္စည်းတွေနဲ့လည်း အိုမင်းရင့်ရော်မှုတွေကို ကာကွယ်တားဆီးလို့ ရနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သဘာဝအတိုင်း အိုမင်းရင့်ရော်ခြင်းတွေကို တားဆီးကာကွယ်ပေးနိုင်မယ့် ကုထုံးနည်းတွေကို ပြောပြပေးချင်ပါတယ်။

ကုထုံးနည်း (၁)

yogurt

Photo : Simply Recipes

ဒီကုထုံးမှာတော့ ဒိန်ချဉ်ကို အဓိကထား အသုံးပြုမှာဖြစ်ပြီး ပျားရည် ၊ သံပုရာသီးနဲ့ နနွင်းတို့ကို ပေါင်းစပ် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ လက်တစ်အက်ဆစ်ဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး နုပျိုလန်းဆန်းနေအောင် ကူညီပေးနိုင်ကာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ပါရှိပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ – ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း ၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ၊ သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ၊ နနွင်း အနည်းငယ်တို့ လိုအပ်ပါတယ်။

အသုံးပြုနည်း အဆင့်ဆင့် – ပါဝင်ပစ္စည်းတွေ အားလုံးကို သမအောင် ရောစပ်မွှေပေးပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ အနှံ့သေချာ လိမ်းကျံပေးပါ။ ၁၀ – ၁၅ မိနစ်ထားပြီးရင်တော့ ရေနွေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။ တစ်ပတ်ကို ၂ – ၃ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ကုထုံးနည်း (၂)

coconut milk

Photo : Healthline

ဒီကုထုံးမှာတော့ အုန်းနို့ရည်ကို အဓိကထား အသုံးပြုမှာ ဖြစ်ပါတယ်။ အုန်းနို့မှာ Antioxidant ဂုဏ်သတ္တိတွေ ပါရှိပါတယ်။ ဒါကြောင့် မျက်နှာပေါ်က အရေးအကြောင်းတွေကို ကင်းဝေးဖို့ ကူညီပေးနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ – အုန်းနို့ရည် စားပွဲတင်ဇွန်း ၃ ဇွန်း ၊ ဂွမ်းစ အနည်းငယ် တို့လိုအပ်ပါတယ်။

အသုံးပြုနည်း အဆင့်ဆင့် – ဂွမ်းစကို အုန်းနို့ထဲမှာ စိမ်ထားပါ။ ထို့နောက် ဆေးကြောသန့်စင်ထားတဲ့ မျက်နှာပေါ်ကို အုန်းနို့စိမ်ထားတဲ့ ဂွမ်းစနဲ့ အနှံ့လိုက်လံ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။ တစ်ပတ်ကို ၂ – ၃ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ကုထုံးနည်း (၃)

honey

Photo : Healthline

ဒီကုထုံးမှာတော့ သဘာဝ ပျားရည်စစ်စစ် တစ်မျိုးတည်းကိုပဲ အဓိကအသုံးပြုမှာ ဖြစ်ပါတယ်။ ပျားရည်ဟာ သဘာဝ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီ Antioxidants တွေက Free Radicals တွေကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေကို တဖန်နုပျိုလန်းဆန်းစေပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို နှေးကွေးစေဖို့ ကူညီပေးပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ – သဘာဝ ပျားရည်စစ်စစ် စားပွဲတင်ဇွန်း ၃ ဇွန်း ခန့်လိုအပ်ပါတယ်။

အသုံးပြုနည်း အဆင့်ဆင့် – ပျားရည်ကို မျက်နှာနဲ့လည်ပင်းအနှံ့ သေချာစွာလိမ်းကျံပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ၁ – ၂ မိနစ်ခန့် နှိပ်နယ်ပြီးရင်တော့ ၁၅ – ၂၀ မိနစ်ခန့် ထားလိုက်ပါ။ အချိန်ပြည့်ရင် ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒီကုထုံးနည်းကို နေ့တိုင်းပြုလုပ်နိုင်ပါတယ်။

Featured Photo : GQ India