လူတစ်ယောက် စိတ်သွားတိုင်း ကိုယ်ပါဖို့ဆိုရင် ကျန်းမာဖို့လိုပါတယ်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်ပြီး ကိုယ်ရောက်ရှိချင်တဲ့ ပန်းတိုင်ကို ရောက်ရှိအောင် ကြံဆောင်နိုင်မှာပါ။ ကျန်းမာဖို့ဆိုရင် ကိုယ့်နေစဉ်လုပ်နေတဲ့ အလေ့အထတွေက သိပ်ကို အရေးပါပါတယ်။ တစ်ခါတစ်လေကျ ကျွန်တော်တို့က ကျန်းမာရေး အတွက် မကောင်းမှန်သိတဲ့အရာတွေကို လုပ်မိနေတတ်ကြပါတယ်။ နောင်မှ နောင်တရရင်တော့ ဘာမှအကျိုးမရှိပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ အသက်ရှည်ကျန်းမာဖို့ အတွက် အခုကစပြီး သတိထားဆင်ခြင်ရမယ့် အချက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ညအချိန်မတော်မှ အစာစားခြင်း
Photo : VICE
အမှန်တကယ်တော့ ညစာစောစောစားခြင်းက ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ သို့သော်လည်း ဒီနေ့ခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် ညစာစားနောက်ကျတာ၊ နောက်ကျမှ မုန့်ပဲသရေစာတွေ စားတာမျိုးတွေ များပြားလာပါတယ်။ ညနောက်ကျမှ ညစာစားခြင်းက ကိုယ်အလေးချိန်ကို တိုးစေတဲ့အပြင် အိပ်စက်ခြင်းကိုလည်း ထိခိုက်စေပါတယ်။ ရေရှည်မှာ ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ညနက်မှ အစားစားခြင်းကို ရှောင်ပါ။
ဆား (ဆိုဒီယမ်) အလွန်အကျွံစားခြင်း
Photo : Microsalt
ကွီးတို့က အစားအစာတွေ၊ ဟင်းလျာတွေကိုစားရင် လေးလေးပင်ပင် စားလေ့ရှိပါသလား။ ဒါဆိုရင်တော့ ထိုအကျင့်ကို အခုကစပြီး ပြင်ပါ။ ဆားအလွန်အကျွံစားသုံးခြင်းက သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်း စတဲ့ ကျန်းမာရေးဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ပြုပြင်ထားသော အစားအစာတွေနဲ့ အသင့်စားအစားအစာတွေက ဆိုဒီယမ် အလွန်မြင့်မားစွာ ပါဝင်တာကြောင့် မကြာခဏစားသုံးခြင်းကို သတိထားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။
ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
Photo : Inc Magazine
စိတ်ရော ကိုယ်ပါ တတ်ကြွလန်းဆန်းပြီး ကျန်းမာဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ဦးနှောက်ကျန်းမာရေးကို တိုးတက်စေခြင်း၊ အရိုးများ၊ ကြွက်သားများ၊ နှလုံးနှင့် အဆုတ်များကို အားကောင်းစေခြင်းနဲ့ ကောင်းစွာအိပ်စက်နိုင်ဖို့ ကူညီပေးခြင်း စတဲ့အကျိုးတွေ ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို မရှိတဲ့သူတွေကတော့ အဝလွန်ပြီး လေးလံထိုင်းမှိုင်းကာ ရေရှည်မှာ ကျန်းမာရေးဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
ရေလုံလောက်စွာ မသောက်ခြင်း
Photo : Everyday Health
ကွီးတို့ တစ်နေ့တာအတွက် လိုအပ်တဲ့ ရေကိုပုံမှန်သောက်သုံးမိပါသလား။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာကြောင့် ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝနေခြင်းက မှတ်ဉာဏ်ကို ထက်မြက်စေပြီး စိတ်ခံစားချက်ကို တည်ငြိမ်စေကာ စိတ်အားထက်သန်မှုကို ထိန်းထားပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေခြင်းဖြင့် ကြွက်သားများနှင့် အဆစ်များကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေကာ ကျောက်ကပ်မှတစ်ဆင့် သင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို သန့်စင်ပေးနိုင်ပါတယ်။ ရေကို လုံလုံလောက်လောက် မသောက်သုံးရင် ခန္ဓာကိုယ်မှာ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ရေကို လုံလောက်စွာ သောက်သုံးဖို့ မမေ့ပါနဲ့။
အိပ်စက်မှုစက်ဝန်း မမှန်ကန်ခြင်း
Photo : Sleep Doctor NYC
ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ရင် အိပ်ချိန်မှန်ဖို့နဲ့ အိပ်ရေးဝဝအိပ်စက်ဖို့က အမှန်ပင် အရေးကြီးပါတယ်။ အိပ်ရေးပျက်ခြင်း၊ အိပ်ချိန်လုံလုံလောက်လောက်မရှိခြင်းက ရေရှည်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့အပြင် အလုံးစုံသော ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်ပါတယ်။ ဆုံးဖြတ်ချက်ချနိုင်မှု စွမ်းရည်ကိုလည်း ထိခိုက်စေပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ခြင်းက နှလုံးရောဂါ၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းအပါအဝင် နာတာရှည်ကျန်းမာရေး ပြဿနာများစွာနှင့်လည်း ဆက်စပ်နေပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက် ၅ ချက်ထဲမှာ ဘယ်နှစ်ချက်ကို လုပ်မိနေပါသလဲ။ ဒါဆိုရင်တော့ အသက်ရှည်ကျန်းမာဖို့ အတွက် ထိုအချက်တွေကို ချက်ချင်းရပ်တန့်ပစ်လိုက်ပါ။
Source : Eating Well
Featured Photo : Vista