ဂိမ်းထဲမှာဆိုရင်တော့ ကွီးတို့အသက်တွေ အများဆုံး ၅ သက်လောက်ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ ကွီးတို့ရဲ့ အဖိုးတန်တဲ့အသက်က တစ်သက်တည်းရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့အသက်ကို တန်ဖိုးထားပြီး မလုပ်သင့်တာတွေ မလုပ်မိဖို့ လိုအပ်ပါတယ်။ အန္တရာယ်များတဲ့ အပြုအမူများ ပြုလုပ်တာ၊ ကိုယ့်အသက်ကို အန္တရာယ်ဖြစ်စေမယ့် အရာတွေ ပြုလုပ်တာမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ ဒါ့ကြောင့် အသက် အပို မပါဘူးဆိုရင်တော့ အခုလို အန္တရာယ်များတဲ့ နေရာ တွေကို မသွားတာအကောင်းဆုံးပါပဲ။
အင်္ဂလန်နိုင်ငံ၊ Gloucestershire ပြည်နယ်ရှိ ရှေးဟောင်း တည်းခိုခန်း
ဒီအဆောက်အဦးကိုတော့ ၁၁၄၅ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဘုန်းတော်ကြီးတွေက St. Mary ဘုရားကျောင်းကို ဆောက်လုပ်ဖို့ရန်အတွက် ဝယ်ထား၊ ငှားထားတဲ့ ကျွန်များ၊ အလုပ်သမားများ နေထိုင်ရာနေရာ ဖြစ်ပါတယ်။ ထိုအဆောက်အဦးကြီး မဆောက်လုပ်ခင်က ထိုနေရာသည် ကလေးသူငယ်များကို ယစ်ပူဖော်ပသပြီး မကောင်းဆိုးဝါးများကို ကိုးကွယ်တဲ့နေရာ ဖြစ်တယ်လို့လည်း ပါးစပ်ရာဇဝင်ရှိပါတယ်။
နောက်ထပ်ကြောက်ဖို့ကောင်းတဲ့ သမိုင်းကြောင်းတစ်ခုလည်း ရှိပါတယ်။ ဆည်မြောင်းမှ ရေတွေက ဦးတည်ဘက်ပြောင်းပြီး စီးဆင်းရာကနေ မကောင်းတဲ့ စွမ်းအင်တံခါး ပွင့်သွားပြီး ထိုတည်းခိုခန်းသည် သရဲခြောက်တဲ့ တည်းခိုခန်းဖြစ်သွားတယ်လို့လည်း ပြောကြပါတယ်။ ဒါ့အပြင် ထိုတည်းခိုခန်းထဲက စုန်းမအခန်းလို့ခေါ်တဲ့ အခန်းပိုင်ရှင်သည် ၁၅၀၀ ပြည့်နှစ်တုန်းက စုန်းမလို့ အစွပ်စွဲခံရပြီး မီးရှို့အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော သရဲတွေလည်း အများကြီးရှိသေးတယ်လို့ ပြောကြပါတယ်။
သရဲအခြောက်ဆုံးနေရာလို့ သတ်မှတ်ခံထားရပေမယ့် တီဗွီအစီအစဥ်တွေပေါ်မှာတော့ နာမည်ကြီးနေဆဲပါပဲ။ သရဲကို ရှာဖွေစူးစမ်းသူများအကြားလည်း နာမည်ကြီးပါတယ်။ တည်းခိုခန်းပိုင်ရှင်သည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေကြလို့ မူလပိုင်ရှင်နဲ့ တည်းခိုခန်းရဲ့ ဇစ်မြစ်ကိုတော့ လိုက်စစ်ဆေးဖို့ ခက်ပါတယ်။
တောင်အာဖရိက Cape Town ရှိ Good Hope ရဲတိုက်ကြီး
ဒီရဲတိုက်ကိုတော့ ဒတ်ချ် အရှေ့အိန္ဒိယကုမ္ပဏီကြီးက တာဝန်ယူကာ ၁၇ ရာစုက ဆောက်လုပ်ထားတာဖြစ်ပြီး တောင်အာဖရိကရှိ ရှေးအကျဆုံး အဆောက်အဦးကြီးတစ်ခုပဲ ဖြစ်ပါတယ်။ သရဲကို စတင်တွေ့ရှိတာကတော့ ၁၉၁၅ ခုနှစ်ကလို့ ပြောပါတယ်။ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်း အမျိုးသားတစ်ဦးသည် ရဲတိုက်ကြီးရဲ့ အမြင့်တစ်နေရာကနေ ခုန်ချရာမှ ထိုသရဲ ပေါ်လာခြင်းဖြစ်ပါတယ်။ နောက်ထပ် နာမည်ကြီးတဲ့ သရဲကတော့ မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးသရဲပဲ ဖြစ်ပါတယ်။ သူ(မ)သည် ရဲတိုက်ကြီးအတွင်း သူ(မ)ရဲ့ မျက်နှာကို ကိုင်ကာ ရှိုက်ကြီးတငင် ငိုလေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီး အလောင်းတစ်လောင်းကို တူးဖော်ရရှိပြီးနောက်မှာတော့ ထိုသရဲမလည်း ပျောက်သွားပါတော့တယ်။ နောက်ထပ်ဖြေရှင်းလို့ မရတဲ့ သဘာဝလွန်ဖြစ်ရပ်များကတော့ ရဲတိုက်ရှိ ခေါင်းလောင်းကြီး ဘယ်သူမှ မဆွဲဘဲနဲ့ သူ့အလိုလို မြည်နေခြင်း၊ မသင်္ကာစရာ ဧည့်သည်များလာတဲ့အခါ အနက်ရောင် ခွေးတစ်ကောင်က ထိုးထိုးဟောင်ပြီး လေထဲမှာ ပျောက်သွားခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိုအဆောက်အဦးကြီးသည် ခရီးသွား ဧည့်သည်များအကြား ရေပန်းစားပါတယ်။ ကမ္ဘာလှည့်ခရီးသွားများကလည်း စူးစမ်းလိုစိတ်နဲ့ လာရောက်လည်ပတ်ကြပါတယ်။ ဒါ့အပြင် ရဲတိုက်ကြီးရဲ့ အရှေ့ဘက် ခြံဝန်းထဲမှာ စားသောက်ဆိုင်တစ်ဆိုင်ရှိပြီး ခရီးသွားများက အရသာရှိတဲ့ အစားအစာများကို မှာယူသုံးဆောင်လေ့ရှိပါတယ်။
အိုင်ယာလန်နိုင်ငံ၊ Montpelier တောင်ကုန်းပေါ်ရှိ Hell Fire Club
Club ဆိုလို့ ကွီးတို့ ထင်ထားသလို လူငယ်တွေ ပျော်ပါးစုဝေးနေကြတဲ့ ကလပ်ကို ပြောတာမဟုတ်ပါဘူး။ ၁၉၂၅ ခုနှစ်က ဆောက်လုပ်ထားတဲ့ Hell Fire Club သရဲခြောက်တဲ့ အဆောက်အဦးပျက်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ထိုအဆောက်အဦးကို ဆောက်လုပ်တုန်းက ရှေးဟောင်း အုတ်ဂူများက ကျောက်တုံးများကို အသုံးပြုထားကြတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ထိုအချိန်ကတည်းက မကောင်းဆိုးဝါးများနှင့် အဆက်အသွယ်လုပ်ရန် ဆောက်လုပ်ထားတဲ့ အဆောက်အဦးလို့ သတ်မှတ်ထားကြပါတယ်။ ဒါ့အပြင် စေတန်ကိုးကွယ်သူများရဲ့ ဗိမာန်လို့လည်း ပြောကြပါသေးတယ်။
ဒါ့အပြင် တိရစ္ဆာန်များအား ပူဇော်ပသခြင်း၊ တိရစ္ဆာန်ခွာနှင့် ယောင်္ကျားကြီးများ၊ လူသတ်မှုများသည် ထိုအဆောက်အဦးနှင့် ပတ်သက်ဆက်နွယ်နေပါတယ်။ တစ်ခါက လူတစ်ယောက်သည် မြေကြီးပေါ်သို့ကျသွားတဲ့ သူ့ရဲ့ ပစ္စည်းကို ကုန်းကောက်ရာမှ အခြားလူတစ်ယောက်သည် တိရစ္ဆာန်ခွာနှင့်ယောကျာ်းကြီးတစ်ယောက်ဖြစ်နေတာကို သတိထားမိတယ်လို့ ဆိုပါတယ်။ သူ သတိထားမိလိုက်တဲ့အချိန်မှာပဲ ထိုသတ္တဝါကြီးသည် လေထဲမှာ အလိုလို ပျောက်ကွယ်သွားတယ်လို့ ပါးစပ်ရာဇဝင်ရှိပါတယ်။ ဒါ့အပြင် အခြားသော သဘာဝလွန်ဖြစ်ရပ်များလည်း ခရီးသွားများအကြား ပြောစမှတ်ရှိကြပါတယ်။
လက်ရှိအခြေအနေမှာတော့ Dublin တောင်သို့ တက်ကြတဲ့ တောင်တက်သမားများအကြား ထိုနေရာလေးက ခရီးတစ်ထောက် နားစရာနေရာလေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နှစ်စဥ် ဟောလိုးဝင်းအချိန် ရောက်တော့မယ်ဆိုတာနဲ့ သရဲ ခရီးစဥ် စတင်ပြီး ထိုအပတ်ထဲမှာပဲ ခရီးသွားများက လာရောက်လည်ပတ်လေ့ရှိပါတယ်။
ကွီးတို့ကတော့ အသည်းငယ်တတ်ပြီး အသက် လည်း အပိုမပါဘူးဆိုတော့ ထို နေရာ တွေကို လက်ရဲဇက်ရဲ မသွားဖို့တော့ လိုပါလိမ့်မယ်။ မရဘူး သွားမှာပဲဆိုရင်တော့ အသက် အာမခံလေး လုပ်သွားဖို့တော့ လိုအပ်ပါလိမ့်မယ်။
Source: Wanderlust.co.uk
Featured Image: Freepik