ရှော်တီလေးတွေရဲ့ အသည်းစိုင် ကို ချုပ်ကိုင်ထားတဲ့ Gentleman များသည် လူကြီးလူကောင်းဆန်ဆန် ပြုမူတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း ရှော်တီလေးတွေ တဖြုတ်ဖြုတ် ကြွေတာ မဆန်းပါဘူး။ လူကြီးလူကောင်းဆန်တဲ့ အပြုအမူတွေဆိုတာ အမျိုးသားတိုင်း ပြုလုပ်နိုင်တာမဟုတ်ပါဘူး။ တချို့က ဟန်ဆောင် လူကြီးလူကောင်းဆန်ပြပြီး တကယ့် တကယ်မှာတော့ စိတ်ထဲမှာ မရိုးသားမှုတွေ ကိန်းအောင်းနေတတ်ပါတယ်။
ဒီလူက လူကြီး လူကောင်းဆန်တဲ့ လူလား၊ မဒီလေးတွေရဲ့ အသည်းစိုင် ကို လှုပ်ကိုင်ဖို့အတွက် တမင် Gentleman ဆန်ပြနေတာလားဆိုတာ အချိန်တစ်ခုပေးပြီး စောင့်ကြည့်ရင် သိသိသာသာကို ပေါ်လာမှာပဲဖြစ်ပါတယ်။
တကယ်လို့ ကွီးတို့က လူကြီးလူကောင်းဆန်တဲ့သူလား၊ ဟန်ဆောင် လူကြီးလူကောင်းဆန်တဲ့သူလားဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြည့်လိုက်ပါ။
(၁) တစ်ကိုယ်ကောင်းစိတ် မရှိဘဲ အားနည်းသူများအား ဦးစားပေးတတ်ခြင်း
Photo: Girlsaskguys
ကွီးတို့က အရှေ့ကနေ အရင်ဆုံး လမ်းလျှောက်သွားပေမယ့် ကိုယ့်အနောက်မှာ ပါလာတဲ့သူအတွက် တံခါးဖွင့်ပေးထားခြင်း၊ စားသောက်ဆိုင်မှာ ကိုယ့်ချစ်သူလေးနဲ့ နှစ်ယောက်တည်း သွားစားတဲ့အခါမှာလည်း ကိုယ့်ချစ်သူလေး ထိုင်ဖို့အတွက် ထိုင်ခုံလေး ဆွဲထုတ်ပေးတာမျိုး၊ ကားစီးခါနီးမှာလည်း ကိုယ့်ချစ်သူလေးအတွက် ကားတံခါး ဖွင့်ပေးထားတာမျိုး၊ ကားလမ်းကူးမယ့်အခါမှာလည်း ကိုယ့်ချစ်သူလေးကို ကာကွယ်ပေးထားတာမျိုး အစရှိတဲ့ အသေးအဖွဲ အပြုအမူလေးများက ကွီးတို့ကို လူကြီးလူကောင်းဆန်ကြောင်း၊ တစ်ကိုယ်ကောင်းစိတ် မရှိဘဲ တစ်ဖက်လူအတွက် (သို့) ကိုယ့်ချစ်သူလေးအတွက် တွေးပေးတတ်ကြောင်း သိသာပေါ်လွင်စေတဲ့ အပြုအမူများပဲဖြစ်ပါတယ်။
(၂) ကတိတစ်ခုကို လွယ်လွယ် မပေးတတ်ခြင်းနှင့် ကတိပေးပြီးသွားတဲ့အခါမှာလည်း ကတိ တည်အောင် ကြိုးစားခြင်း
Photo: Backontrackteens
ကတိ တည်တဲ့ လူတစ်ယောက်သည် လူအများရဲ့ လေးစားခြင်းကို ခံရပါတယ်။ ကတိ တည်ဖို့ဆိုတာသည်လည်း လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ လူကြီး လူကောင်းဆန်တဲ့ ကွီးတို့သည် ကတိတစ်ခုကို လွယ် လွယ် မပေးတတ်ကြပါဘူး။ ကိုယ် ပေးထားတဲ့ ကတိတစ်ခုကိုလည်း အပျက်မခံဘဲ ကတိ တည်အောင် ကြိုးစားတတ်ကြပါတယ်။ ကွီးတို့ရော ကိုယ် ပေးထားတဲ့ ကတိကို တည်အောင် ကြိုးစားကြရဲ့လား။
(၃) ကွီးတို့က နားထောင်ကောင်းသူတစ်ယောက်ပါလား
Photo: Stocksy
ကွီးတို့ရဲ့ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖြစ်စေ၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ဖြစ်စေ သို့မဟုတ် ကွီးတို့ ချစ်သူလေးနဲ့ပဲ ဖြစ်စေ၊ စကားပြောဆိုတဲ့အခါ တစ်ဖက်သားပြောစကားကို အလေးထားနားထောင်ပေးပါ။ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အချိန် သူ့တို့အပေါ်မှာ အာရုံစူးစိုက်မှု အပြည့်အဝပေးပါ။ ကွီးတို့ရဲ့ ဖုန်းကို အာရုံစိုက်နေတာက ကွီးတို့ကို လူကြီးလူကောင်းမဆန်စေပါဘူး။ ဘယ်လိုကိစ္စမျိုးမဆို တစ်ဦးနဲ့ တစ်ဦး စကားပြောဆိုချိန်တွင် အပြည့်အဝ အာရုံစိုက်ပြီး နားထောင်ခြင်းက ကွီးတို့ရဲ့ချစ်ခြင်းမေတ္တာနှင့် လေးစားမှုကို အမှန်တကယ် ပြသရာရောက်ပါတယ်။ ကွီးတို့ချစ်ရသူလေးနဲ့ စကားပြောတဲ့အခါမှာလည်း သူပြောတာကို လေးလေးစားစား နားထောင်ပေးခြင်းက ကွီးတို့အပေါ်ချစ်ခင်လေးစားမှု တိုးစေပါတယ်။ ဒီအချက်ကလည်း လူကြီးလူကောင်းတွေရဲ့ ကောင်းမွန်တဲ့ အမူအကျင့်များ ထဲကတစ်ခုပါ။
(၄) အချိန် လေးစားတတ်သူတစ်ယောက်လား
Photo: Northernstar
အချိန်ကို လေးစားခြင်းက ကွီးတို့ရဲ့ ဘဝတိုးတက်ရေးအတွက်သာမက အလေ့အကျင့်ကောင်းလည်း ဖြစ်ပါတယ်။ ကွီးတို့နဲ့ ချိန်းဆိုထားတဲ့ ချိန်းဆိုမှုတစ်ခု ဒါမှမဟုတ် တွေ့ဆုံဖို့ သတ်မှတ်ထားတဲ့အချိန်တစ်ခုမှာ ကြိုတင်အသိမပေးဘဲ ဘယ်တော့မှ နောက်မကျပါစေနဲ့။ ထိုသို့နောက်ကျခြင်းက တစ်ဖက်လူရဲ့အချိန်ကို မလေးစားသကဲ့သို့ ဖြစ်စေပါတယ်။ ကွီးတို့ကိုယ်တိုင်အတွက်လည်း အများအမြင်မှာ အချိန်ကိုမလေးစားတတ်တဲ့သူ တစ်ယောက်အဖြစ်ထင်မြင်စေပါတယ်။ နောက်ကျတာက ကွီးတို့ရဲ့ စိတ်ခံစားချက်နဲ့ တခြားသူတွေကို ဆက်ဆံပုံအပေါ် သက်ရောက်မှုရှိစေသလို ကိုယ်ကိုတိုင်အတွက်လည်း ဖိအားတွေ ပိုတိုးစေပါတယ်။ ဒါ့အပြင် လူကြီးလူကောင်းလည်း မဆန်စေပါဘူး။
ဒီအချက်တွေ အားလုံးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကွီးတို့က ရှော်တီလေးတွေရဲ့ အသည်းစိုင် ကို ချုပ်ကိုင်ထားတဲ့ Gentleman ဆန်တဲ့ လူတစ်ယောက်ဆိုတာ သိသာပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ အချက်များထဲက ဘယ်နှချက်လောက် ပိုင်ဆိုင်ထားပါသလဲ။
Source: Forbes
Featured Image: Freepik