ယောကျာ်းလေးတစ်ယောက် အနေနဲ့ အသားအရေ ထိန်းသိမ်းဖို့ လိုအပ်ပါသလား ? အဖြေကတော့ သေချာပေါက် လိုပါတယ်။ အသားအရေထိန်းသိမ်းမှုဆိုတာ အလှအပရေးရာ တစ်ခုတည်းအတွက် မဟုတ်ပါပဲ အရေပြား ကျန်းမာရေး ၊ ငယ်ရွယ်နုပျိုမှု ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှုစတဲ့ အချက်တွေနဲ့ အများကြီး ဆက်စပ်နေတာပါ။ ကောင်းမွန်တဲ့ အသားအရေထိန်းသိမ်းမှုစနစ် ရှိထားခြင်းဟာ နေရောင်ခြည်ဒဏ် ၊ ဝက်ခြံနဲ့ အရေးအကြောင်းတွေလို အိုမင်းရင့်ရော်မှု လက္ခဏာတွေ အပါအဝင် စာရေးသူတို့လို ယောကျာ်းလေးတွေမှာ အဖြစ်များတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ကာကွယ်တိုက်ဖျက်ရာမှာ ထိရောက်မှုရှိတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ကွီးတို့ ယောကျာ်းလေးတိုင်း သိကိုသိထားရမယ့် အသားအရေထိန်းသိမ်းမှုဆိုင်ရာ Skincare Tips လေးတွေကို မျှဝေပေး ချင်ပါတယ်။

ဘာကြောင့် မျက်နှာသစ်ဆပ်ပြာ သုံးဖို့ လိုတာလဲ ?

Cleansing Face
Photo : Real Men Real Style

Skincare လုပ်တဲ့အခါ Cleansing လုပ်တာက အရေးကြီးဆုံး နံပါတ်တစ် အဆင့်ပါပဲ။ မျက်နှာသစ်ဆပ်ပြာ အသုံးပြုပြီး မျက်နှာကို သေချာဆေးကြောသန့်စင်ပေးတာဟာ မျက်နှာအရေပြား အပေါ်ယံပြင်ပအလွှာနဲ့ အရေပြားအတွင်းပိုင်းမှာ တွယ်ညှိတွယ်နေတဲ့ အဆိပ်အတောက်တွေ ၊ ဖုန်နဲ့ အညစ်အကြေးတွေ ၊ ချွေးတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ မျက်နှာသစ်ဆပ်ပြာ ကို သေချာရွေးချယ် သုံးပေးရမှာပါ။

ဘာကြောင့် Toner သုံးဖို့ လိုတာလဲ ?

Toner
Photo : Dermal Essentials

Toner ကတော့ အသားအရေ ထိန်းသိမ်းမှုအတွက် လိုအပ်တဲ့ Skincare ထုတ်ကုန်တစ်မျိုး ဖြစ်ပါတယ်။ Toner ရဲ့ အဓိက လုပ်ဆောင်ချက်က မျက်နှာအရေပြားရဲ့ pH Levels ကို မျှတစေပြီး မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေ ၊ ဆဲလ်သေတွေနဲ့ ဖုန်/အမှုန်တို့လို အကြွင်းအကျန်ပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် Toner ဟာ ချွေးပေါက်တွေကို ကျဉ်းစေတဲ့အပြင် နောက်ထပ် Skincare အဆင့်တွေမှာ လိမ်းရမယ့် Serum နဲ့ Moisturiser တို့လိုကို အရေပြားကနေ ကောင်းမွန်စွာ စုပ်ယူနိုင်စေဖို့ ကူညီပေးပါတယ်။

ဘာကြောင့် Serum သုံးဖို့ လိုတာလဲ ?

Serum
Photo : scrubd

ကွီးတို့ရဲ့ အသားအရေ အမျိုးအစားပေါ်မူတည်ပြီး လိုအပ်ချက်တွေကို ကူညီဖြေရှင်းရာမှာ Serum ရဲ့ လုပ်ဆောင်မှုက အရေးပါပါတယ်။ Serum ဟာ အသားအရေပြဿနာတွေကို ကူညီဖြေရှင်းပေးသလို အသားအရေထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်စေဖို့ ထောက်ပံ့ပေးနေတာပါ။ ဝက်ခြံထွက်သူတွေအတွက် Salicylic Acid ပါဝင်တဲ့ Serum ၊ အသားခြောက်သွေ့သူတွေအတွက် Hyaluronic Acid ပါဝင်တဲ့ Serum ၊ အသားအရောင် မညီသူတွေအတွက် Vitamin C ပါဝင်တဲ့ Serum နဲ့ အသားအရေ မဲညစ်သူတွေအတွက် Lactic Acid ပါဝင်တဲ့ Serum တွေကို သုံးနိုင်ပါတယ်။

ဘာကြောင့် အစိုဓာတ်ထိန်းခရင်မ် သုံးဖို့ လိုတာလဲ ?

Moisturizers
Photo : MensXP

အသားအရေ ထိန်းသိမ်းမှုမှာ Moisturising အဆင့်ကတော့ လုံးဝကျော်သွားလို့ မရပါဘူး။ မျက်နှာအရေပြားဟာ အစိုဓာတ် ပြည့်ဝစွာ ရရှိနေမှသာလျှင် အသားအရေကို ကျန်းမာနုပျိုစေပြီး ကြည်လင်ဝင်းပနေမှာ ဖြစ်ပါတယ်။ အစိုဓာတ်ထိန်းခရမ်င် Moisturizer လိမ်းပေးတာဟာ နေ့စဉ်လုပ်ဆောင်ရမယ့် Skincare အဆင့်တစ်ခု ဖြစ်ပါတယ်။

ဘာကြောင့် နေရောင်ကာခရင်မ် သုံးဖို့ လိုတာလဲ ?

sunscreen
Photo : Boston University

Sunscreen မလိမ်းပဲ အိမ်အပြင်ကို ဘယ်တော့မှ အပြင်မထွက်သင့်ပါဘူး။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဓာတ်တွေဟာ အသားအရေကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်သလို နေလောင်ဒဏ် ၊ အမဲစက် ၊ တင်းတိတ်နဲ့ မျက်နှာပေါ်မှာ ထင်ရှားတဲ့ အစက်အပြောက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေပူထဲ ထွက်တော့မယ်ဆိုရင် နေရောင်ကာခရင်မ် မဖြစ်မနေ လိမ်းဖို့လိုသလို အိမ်ထဲမှာ ရှိနေချိန်မှာပင် နေရောင်ကာခရင်မ် လိမ်းရမှာ ဖြစ်ပါတယ်။ နေရောင်ကာခရင်မ်ကို မျက်နှာအရေပြားနဲ့အတူ လည်ပင်းနဲ့ ဂုတ်တွေကိုပါ လိမ်းဖို့ လိုအပ်ပါတယ်။

Source : Man Of Many

Featured Photo : Gentlehomme