ယောကျာ်းလေးအများစုဟာ များသောအားဖြင့် အဆီပြန်တဲ့ အသားအရေကို ပိုင်ဆိုင်ထားကြပါတယ်။ အားလုံးသိတဲ့အတိုင်း အဆီပြန်တဲ့ အသားအရေဆိုတာ ထိန်းသိမ်းကခက်တဲ့ အသားအရေ အမျိုးအစားတစ်ခုပါပဲ။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အဆီပြန်တဲ့အသားအရေ ဆိုတာ အစိုဓာတ်လွန်ကဲစွာ မထိန်းမိဖို့လိုသလို အစိုဓာတ်လုံလောက်စွာ မရပြန်ရင်လည်း အသားအရေဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ မှန်ကန်ထိရောက်စွာ အစိုဓာတ် ထိန်းညှိပေးဖို့ပဲ ဖြစ်ပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင် တော်တော်များများက အသားအရေ ပိုမိုအဆီပြန်မှာကို ကြောက်တဲ့အတွက် အစိုဓာတ်ထိန်းခရင်မ်တွေကို လက်ရှောင်ကြတာ များပါတယ်။ မျက်နှာအသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းသိမ်းမှုမရှိတာဟာ အသားအရေကို ပိုမိုဆိုးရွားသွားစေ နိုင်ပါတယ်။ ဒါ့အပြင် ဓာတုပစ္စည်းပါတဲ့ မျက်နှာသစ်ဆေးတွေကို ပုံမှန်အသုံးပြုခြင်းက အသားအရေရဲ့ သဘာဝအဆီတွေကို ခမ်းခြောက်စေပြီး မွဲခြောက်ခြောက်ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုပါပဲ။ ဒါကြောင့် မျက်နှာသစ်ပြီးတိုင်းမှာ အသားအရေပေါ်မူတည်ပြီး တစ်နေ့ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် အစိုဓာတ် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ အသားအရေ အစိုဓာတ်ထိန်း ဖို့အတွက် ဘယ်တံဆိပ်တွေ သုံးရမလဲ ခေါင်းခြောက်နေရင် ၊ ဓာတုပစ္စည်းပါတဲ့ ထုတ်ကုန်တွေသုံးမိမှာ စိတ်ပူရင် ကွီးတို့ရဲ့ အိမ်တွင်းမှာပဲ လွယ်လွယ်ကူကူရနိုင်တဲ့ သဘာဝ အသားအရေ အစိုဓာတ်ထိန်း ပစ္စည်းလေးတွေကို ပြောပြပေးပါမယ်။
(၁) နွားနို့
Photo : The Pioneer Woman
နို့ရည်မှာ လက်တစ်အက်ဆစ် ပါဝင်ပြီး ၎င်းက သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတဲ့ ဂုဏ်သတ္တိရှိပါတယ်။ နွားနို့ဟာ အသားအရေကို အာဟာရဓာတ်ဖြည့်တင်းပေးပြီး အသားအရေပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ပေးရမှာလည်း အရမ်းကိုအထောက်အကူ ဖြစ်စေပါတယ်။ နွားနို့ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံခန့်ကို သံပုရာသီးတစ်စိပ်ခန့် ညှစ်ထည့်ပြီး ဂွမ်းစလေးနဲ့ တို့ကာ မျက်နှာအရေအပြားအနှံ့ လိမ်းပေးနိုင်ပါတယ်။ ၁၀ မိနစ်ခန့်ထားပြီးရင်တော့ မျက်နှာသစ်လိုက်ပါ။ ဒါကို တစ်ပတ်တစ်ကြိမ် လုပ်နိုင်ပါတယ်။
(၂) သံပုရာနဲ့ ပျားရည်
Photo : MensXP
သံပုရာနဲ့ ပျားရည်အရေအစပ်က အသားအရေကို အစိုဓာတ်ထိန်းပေးရုံသာမက ဝက်ခြံတွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။ ပျားရည် ၁ ဇွန်း သို့မဟုတ် ၂ ဇွန်းခန့်ကို သံပုရာရည်အနည်းငယ်ညှစ်ထည့်ပြီး သမအောင်မွှေပါ။ လာရတဲ့ ပျားရည်နဲ့ သံပုရာ အရောအစပ်ကို မျက်နှာနဲ့ လည်ပင်းအရေပြား တဝိုက်သေချာအနှံ့ လိမ်းကျံပြီး ၁၅ မိနစ်ခန့်ကြာပြီးရင် မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို ၁ – ၂ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ သိသာတဲ့ ရလဒ်ကို မြင်ရမှာပါ။
(၃) နေကြာဆီ
Photo : The Economic Times
နေကြာဆီမှာ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပြီး Skin Barrier တွေကို အားကောင်းစေတဲ့ Linoleic Acid ပါဝင်ပါတယ်။ နေကြာဆီ အနည်းငယ်ကို အသားအရေ အတွင်းပိုင်းအထိ စိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။ အဆီပြန်တဲ့ အသားအရေအတွက် အစိုဓာတ်ထိန်းပေးဖို့ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။
အခုပြောတဲ့ သဘာဝ ပစ္စည်းလေးတွေနဲ့ ကွီးတို့ရဲ့ အသားအရေ ကို ကောင်းမွန်ထိရောက်စွာ အစိုဓာတ်ထိန်း နိုင်ပါတယ်။
Featured Photo : Rolling Stone